ထိရောက်သော အရေးယူမှုမရှိ၍ စစ်ကောင်စီ ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်ခွင့်ရနေ

ထိရောက်သော အရေးယူမှုမရှိ၍ စစ်ကောင်စီ ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်ခွင့်ရနေ

နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့် မြန်မာစစ်အုပ်စုကို နိုင်ငံတကာအစိုးရများမှ ထိရောက်သည့် အရေးယူမှု များလုပ်ဆောင်ရန် ပျက်ကွက်ခြင်းကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နိုင်ခွင့်ရနေကြောင်း Justice for Myanmarနှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်း ၂၀၉ ဖွဲ့က ယနေ့တွင် ပူးတွဲထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်အထိ လေကြောင်းဗုံးကြဲမှု ၆,၄၅၀ ကျော်ရှိပြီး မွေးကင်းစကလေးငယ်အပါအဝင် အရပ်သား သေဆုံးသူ ၃,၈၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၆,၈၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ဆေးရုံဆေးခန်း ၉၉ ခု၊ စာသင်ကျောင်း ၂၉၁ ခု၊ ဘာသာရေးအဆောက်အအုံ ၄၈၅ ခုကို ပစ်မှတ်ထား ပြီး အရပ်သားများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကျူးလွန်နေပြီး တစ်ဖက်တွင်လည်း နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုမှုရရှိရန် ပြည်တွင်းတွင် အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ရန်စီစဉ်နေကြောင်း ဆိုထားသည်။

ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ညပိုင်းတွင် ရခိုင်ပြည် မြောက်ဦးပြည်သူ့ဆေးရုံအား ဗုံးနှစ်လုံး ကြဲချခဲ့သဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ မွေးကင်းစ ၃ လသား အရွယ် ကလေးငယ်အပါအဝင် ဆေးကုသမှုခံယူနေသော အရပ်သား ၃၃  ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး (၇၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ 

ထို့အပြင် စစ်အုပ်စုအနေဖြင့် အရပ်သား ၈ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရစေခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်တွင် ကျောက်ဖြူမြို့နယ် င/လုံးစုကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုများအား ရခိုင်ပြည်ရှိ မြို့နယ် ၇ ခုတွင် ကျုးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်အုပ်စု၏ အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများရပ်တန့်ရန်နှင့် ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ အပေါ် အပြစ်ပေးအရေးယူမှု၊ တာဝန်ယူမှုတာဝန်ခံမှုများရှိလာရန် အာဆီယံ (ASEAN)၊ ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU) နှင့် နိုင်ငံတကာ အစိုးရများ အနေဖြင့် ရှုံ့ချကန့်ကွက်ကြောင်း စာထုတ်ပြန်ခြင်းသာ မပြုလုပ်ဘဲ ထိရောက်သည့် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေရန် နှင့် အရပ်သားပစ်မှတ်များ အပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအစိုးရများ အားလုံးအနေဖြင့် တစုတစည်းတည်း ပြစ်ဒဏ်ပေးအရေးယူရန် ပူးပေါင်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

စစ်အုပ်စုကို နိုင်ငံတကာမှ လေယာဉ်ဆီများ မြန်မာပြည်တွင်းသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေတင်ပို့၊ ရောင်းချ၊ ဖြန့်ဖြူးနေမှုများကို ချက်ချင်း ပိတ်ဆို့ ဖြတ်တောက်ပြီး လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်တွင် ပါဝင်နေသည့် အာဆီယံအပါအဝင် နိုင်ငံတကာကုမ္ပဏီများ၊ ကော်ပိုရိတ်များ အားလုံးကိုထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် တောင်းဆိုထားသည်။

နိုင်ငံတကာအစိုးရများ၊ အထူးသဖြင့် ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေး တွင်ပါဝင်နေသည့် ဆီတင်သင်္ဘောများနှင့် အခြေခံအဆောက်အအုံများအတွက် ရေကြောင်းအာမခံဝန်ဆောင်မှု ပေးနေခြင်းမျာကို ပိတ်ဆို့တားဆီးပေးရမည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ထိုသို့ ဝယ်ယူနိုင်ရန် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှ လစဉ် ဓာတ်ငွေ့ ဝင်ငွေများ တရားမဝင် စစ်အုပ်စုကို ဒေါ်လာသန်းနှင့်ချီ ငွေပေးချေနေမှုများကို ချက်ချင်းရပ်တန့်ပြီး ပြည်သူ့ဘဏ္ဍာရေနံဓာတ်ငွေ့ အခွန်ငွေများကို တရားမဝင် စစ်အုပ်စု ထုတ်ယူသုံးစွဲခွင့်မရှိသည့် အက်စ်ခရိုး အကောင့်တွင် သိမ်းဆည်းရန် တိုက်တွန်းထားသည်။

ယင်းအပြင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ကျူးလွန်တိုက်ခိုက်နိုင်နေခြင်းမှာ အာဏာရှင် မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စသည့် နိုင်ငံများမှ လေယာဉ်နှင့် ဗုံးကြဲတပ်ဆင်သည့် လက်နက်ကိရိယာများ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...