မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး အတည်ပြုနိုင်ခဲ့သည့်အပြင် မရာနိုင်ငံ ရေးကို ဦးဆောင်ရန်အတွက် နိုင်ငံရေး ဦးဆောင်ကော်မတီ (PSC) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ မရာနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်သော မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ၏ ယခုနှစ် ဒုတိယအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးမှာ အခြားသောအဆို၊ ဥပဒေများနှင့်အတူ အတည်ပြုနိုင်ခြင်းဖြစ်သည်။
“လိုင်လင်းပီမြို့အုပ်ချုပ်ရေး အက်ဥပဒေက အရင်က ပထမကောင်စီတုန်းက အတည်မပြုနိုင်ခဲ့ဘူး။ အဲဒီတုန်းက အချိန်မရ လိုက်ဘူးပေါ့နော်။ ဒီတစ်ခေါက် ကောင်စီအစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့တယ်။ အသစ်လို့ ပြောလို့ ရပါတယ်။ နိုင်ငံရေး ဦးဆောင်ကော်မတီကတော့ ကျနော်တို့ နောက်ပိုင်းသွားတဲ့အခါမှာ မိတ်ဖက် မဟာမိတ်တွေနဲ့အတူ ကောင်းကောင်းမွန်မွန် လှမ်းနိုင်ဖို့ လိုအပ်တဲ့ နိုင်ငံရေးတွေက ပိုကျယ်ပြန်လာတယ်၊၊ ပိုလေးနက်လာတဲ့အတွက် ဒီတစ်ခေါက်မှာပဲ သေချာဖွဲ့ဖြစ်တယ်။ အရင်တုန်းကတော့ ရှိပြီးသားလို့ ပြောရင်လည်း မမှားဘူး။ နာမည်သတ်ပြီး မရှိဘူးပေါ့၊၊ ဒီတစ်ခေါက်ကတော့ စနစ်တကျလေ ဖွဲ့စည်းဖြစ်တယ်” ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မရာပဋိညာဉ်ကို မြေပြင်နှင့်ထပ်တူ ပို၍ လက်တွေ့ကျသော ပဋိညာဉ်ဖြစ်လာစေရန် ရည်ရွယ်ပြီး ပြင်ဆင်ရေး ကော်မတီကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အက်ဥပဒေ ၃ ခုကို ပြင်ဆင်ရေးနှင့် အက်ဥပဒေကြမ်း ၁ ခုကို တင်သွင်းဆွေးနွေးခဲ့ရာ ကာကွယ်ရေး အက်ဥပဒေကို ပြင်ဆင်ခဲ့ပြီး လိုင်လင်းပီမြို့ အုပ်ချုပ်ရေး အက်ဥပဒေကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ကျန်အက်ဥပဒေ ၂ ခုကို ဥပဒေမူကြမ်းကော်မတီထံ လွှဲအပ်ခြင်းတို့ ဆောင်ရွက်သည်ဟု သိရသည်။
ဗဟိုကောင်စီအစည်းအဝေးတွင် မရာနယ်မြေ ရေရှည်တည်တံ့ရေးနှင့် လုံခြုံရေးဆိုင်ရာ အဆိုများ အပါအဝင် နိုင်ငံရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေ အုပ်ချုပ်ရေးနှင့် ဆိုင်သော အဆိုပေါင်း ၂၄ ခုကို ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။
“ကျနော်တို့ ဦးတည်ချက်က မိတ်ဖက် မဟာမိတ်တွေနဲ့ အာဏာရှင်ဖြုတ်ချရေးအတွက် လျှောက်လှမ်းတဲ့ အခါမှာ ပိုပြီး အားကောင်းအောင် အဓိက ဦးတည်သွားပါတယ်။ ပြီးရင် မရာလူမျိုးတွေရဲ့ မူလပိုင် နိုင်ငံရေး အခွင့်အရေးတွေကို မဆုံးရှုံးရလေအောင်၊ ပြီးရင် မြန်မာနိုင်ငံမှာ ရှိတဲ့ မိဘပြည်သူ အားလုံးအနေနဲ့ ကောင်းမွန်တဲ့ အနာဂါတ်အတွက်ကို ရရှိနိုင်ဖို့အတွက် ကျနော်တို့က အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချတာတွေ အဓိက လုပ်ပါတယ်” ဟု မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တော်လှန်ပြည်သူများ၊ မိတ်ဖက်မဟာမိတ်များနှင့်အတူ အကောင်းဆုံးနည်းလမ်းများကို လိုက်ရှာပြီး သွားနိုင်ဖို့ အတွက်ကိုလည်း ရည်ရွယ်လုပ်ဆောင်နေသည်ဟု သိရသည်။
MTC/ MDF သည် မရာပြည်သူလူထုတစ်ရပ်လုံးအား မူလပိုင် နိုင်ငံရေး လွတ်လပ်ခွင့် ရရှိရန် ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့သည်ဟု ထုတ်ပြန်သည်။
အဆိုပါ ဗဟိုကောင်စီအစည်းအဝေးကို ပြည်တွင်း/ ပြည်ပမှ ဗဟိုကောင်စီဝင်များ၊ CDM အစုအဖွဲ့များ၊ အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ဗဟို ကောင်စီဝင်များ၊ လူမှုရေးအသင်းအဖွဲ့မှ အထူးဖိတ်ကြားထားသူများနှင့် လေ့လာစောင့်ကြည့်သူများအပါအဝင် စုစုပေါင်း ၇၈ ဦး တက်ရောက်သည်ဟု သိရသည်။
လက်ရှိ စစ်ကော်မရှင်၏ လေကြောင်းမှ ပြည်သူ့ဆေးရုံများ၊ ဘုရားကျောင်းများ ပြည်သူလူထုနေရာများကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ရှုတ်ချကြောင်း ထုတ်ပြန်သည်။







