“ဆုပေး ဒဏ်ပေး မရဏတွင်း”

“ဆုပေး ဒဏ်ပေး မရဏတွင်း”

မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ စစ်ရှောင်တဲလေးတလုံးရဲ့ အိမ်အဝင်ဝ ဘေးနား အောက်ဆီဂျင်ဗူးတွေ တန်းစီချထားသလို လူတယောက်ဟာ နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ လဲလျောင်းလို့နေပါတယ်။

သူကတော့ ဦးဖီဒေးလယ်ဖြစ်ပြီး အသက် ၃၄ နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ အဆုတ်က မကောင်းတော့ပါဘူး။ အကြောင်းရင်းကတော့ ခဲနဲ့ ယမ်းမှုန့်တွေ၊ ကျောက်မှုန့်တွေကို အချိန်ကာလ တခုကြာအောင် ရှူရှိုက်ခဲ့ရလို့ အဆုတ်ပျက်စီးသွားတာပါ။

တချိန်က အားကောင်းမောင်းသန် လူငယ်လူရွယ်ဖြစ်တဲ့ ဦးဖီဒေးလယ် ဟာ ကရင်နီပြည်ရဲ့ နာမည်ကျော် ခဲသတ္တုတွင်းဖြစ်တဲ့ မော်ချီးမိုင်းတွင်းမှာ ခဲတူးတဲ့ အလုပ်သမားအဖြစ် နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်လာခဲ့သူပါ။

ဒီဒဏ်တွေကြောင့်ပဲ အခုတော့ ဦးဖီဒေးလယ် ဟာ အိပ်ရာထဲလှဲပြီး အောက်ဆီဂျင်တွေ ရှူနေရပါပြီ။

ဦးဖီဒေးလယ် တို့ မော်ချီးမှာ အလုပ်လုပ်ကိုင်ခဲ့စဉ်က ကျောက်တွေကို ယမ်းနဲ့ ဖောက်ခွဲတာ၊ ဂန်းတွေနဲ့ ထိုးပြီး ရှာခဲ့ရတာပါ။ ကျဉ်းမြောင်းပြီး လေလမ်းကြောင်းတွေ မရှိတဲ့ ခဲကျင်းထဲမှာ ယမ်းခွဲ၊ ဂန်းထိုးတာတွေကို လုပ်ရင်း ယမ်းငွေ့ ခဲငွေ့တွေကို အလုပ်သမားတွေ နေ့စဉ်ရှူရှိုက်မိကြပါတယ်။

“မော်ချီးမှာပေါ့။ ဒီမော်ချီးမှာ ကျင်းထဲဝင်ပြီဆို ဂန်းထိုးတဲ့ သူတွေက ပိုဆိုးတယ်။ ဂန်းထိုးတယ်ဆိုတော့ အမှုန့်တွေ ရှူရတယ်ကော။ အမှုန်ရှူရတဲ့ အတွက် ခဲဆိပ်ပေါ့၊ အဆုတ်မှာ ကပ်တဲ့အတွက် ချက်ချင်းတော့ မဖြစ်ဘူး။ အသက်စကား ပြောလာတဲ့အချိန်ပေါ့။ ကိုယ့်ခန္ဓာကိုယ်အား‌ရော နည်းလာတဲ့ အချိန်မှ သိသာလာတယ်။” လို့ မော်ချီးမှာ ခဲတူးတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ ဦးဖီဒေးလယ်က ပြောပါတယ်။

ခဲကျင်းမှာ လုပ်သက်ရင့်လာသူတွေကတော့ ဂန်းထိုးတာတွေ လုပ်ကြရပါတယ်။ ခဲကျင်းလုပ်သားတွေထဲမှာ ဂန်းထိုးတဲ့သူတွေဟာ ဝင်ငွေကောင်းကြသလို တယောက်နဲ့တယောက် ကျင်းနဲ့လုပ်ကွက် ပိုင်ရှင်အပေါ်မူတည်ပြီး ‌ဝင်ငွေလည်း ကွာခြားကြပါတယ်။

ဝင်ငွေကောင်းတာနဲ့အတူ လိုက်ပါလာတာကတော့ ခဲဆိပ်သင့်ရောဂါနဲ့ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပြီး လူကို သေစေနိုင်တဲ့အထိပါပဲ။ ဂန်းထိုးသူ တော်တော်များများဟာ တခြား ကျင်းလုပ်သားတွေထက် ရောဂါပိုရနိုင်ကြတယ်လို့ ဆိုပါတယ်။

“ဂန်းနဲ့ပါပဲ တချို့လူတွေက အစိုနဲ့ ထိုးတယ်။ တချို့လူတွေက အခြောက်နဲ့ ထိုးတယ်။ အခြောက်ထိုးတဲ့ သူတွေက သေစောတယ်လို့ ပြောရမှာပေါ့။ အဲ့ဒါကြောင့် သူတို့လည်း ထိပြီးသေသွားတဲ့ သူငယ်ချင်းတွေလည်း အများကြီး ရှိတယ်” လို့ အမည်မဖော်လိုတဲ့ ဂန်းထိုးသမားတဦးက ပြောပါတယ်။

မော်ချီးဒေသက ခဲကျင်းတွေဟာ အစိုနဲ့အခြောက်ဂန်းထိုးတာ နှစ်မျိုးရှိတာဖြစ်ပြီး၊ အစို ဆိုတာက‌‌တော့ ရေစိုနေတဲ့ ကျောက်ကို ဂန်းနဲ့ ထိုးရတာဖြစ်ပြီး၊ အခြောက်ဆိုတာကတော့ ‌ခြောက်နေတဲ့ ကျောက်ကို ထိုးကြရတာ ဖြစ်ပါတယ်။ ရေစိုနေတဲ့ ကျောက်ကို ဂန်းနဲ့ ထိုးရတာဟာ ကျောက်အခြောက်ကို ထိုးရတာထက် ကျောက်မှုန့် ပျံ့လွှင့်မှုပိုနည်းသလို ‌ရောဂါရတာလည်း ကွာကြတယ်လို့ ဂန်းသမားတွေက ပြောကြပါတယ်။

“ရောဂါတော့ ရတယ်လေ။ ဒီဇယ်ဆီတို့ ဂန်းတွေပေါ့။ ရောဂါက ရတယ်‌လေ။ ရောဂါက တချိန်လုံး ရှိတယ်လေး ကျင်းထဲမှာဆိုတော့” လို့ ကျင်းလုပ်သမားတဦးက သူ့ရဲ့ ကျန်းမာရေး အခြေအနေကို ပြောပါတယ်။

အခုလို အန္တရာယ်ရှိမှန်း သိသိလျှက်နဲ့ သူတို့ကို ယမ်းငွေ့ခဲငွေ့တွေ တလူလူလွင့်ပျံ့နေတဲ့ကြားက အလုပ်လုပ်ဖို့အတွက် တွန်းအားတွေ ရှိနေပါတယ်။

“မလုပ်လို့မှ မရတာ။ စားဝတ်နေရေးလည်း လိုတယ်ကော။ မလုပ်လည်း မစားရဘူးဆိုတော့ လုပ်ရတာပေါ့။ ကိုယ့်မိသားစု အတွက်ပေါ့။ ကိုယ့်မိသားစု စားဝတ်နေရေးအတွက်ပဲလုပ်တာ” လို့ ဂန်းထိုးတာ လေးနှစ်ကျော်ကြာ ရှိပြီဖြစ်တဲ့ ကိုကယားက ပြောပါတယ်။

သူတို့တွေ အလုပ်လုပ်တဲ့ လုပ်ငန်းခွင်ဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် လုံးဝစိတ်ချရတဲ့ လုပ်ငန်းခွင်တွေတော့ ဟုတ်မနေပါဘူး။

“စဖြစ်တာက ချောင်ဆိုးလာတာပေါ့နော။ ချောင်းဆိုးလာလို့ ဆေးရုံဆေးခန်းမှာ သွားပြကြည့်တော့ သလိပ်တွေ စစ်ကြည့်လိုက်တော့ တီဘီဖြစ်လာတာ ထီဘီဆေးသောက်တာက သက်သာတယ်။ တီဘီ ဆေး သောက်လို့ သက်သာရင် အလုပ်ကို နားလိုက်ရမယ်။ ကျနော်ကျတော့ အိမ်အဆင်မပြေဘူး။ အဆင်မပြေတော့ အလုပ်ပြန်လုပ်ရ‌တော့ အမောပြန်ဖောက်လာတယ်။ ပြန်ချောင်းဆိုးလာတယ်။‌ နောက်ပိုင်း ဆေးရုံ၊ ဆေးခန်းပြန်ပြတော့ အဆုတ်က အနာတအားများသွားတော့ အောက်စီဂျင်နဲ့ ပြန်နေရတာပေါ့။” လို့ ဦးဖီဒေးလယ် က ပြောပြပါတယ်။

သူ့ရောဂါအတွက်‌ တောင်ကြီးကို သွား‌ရောက်ပြသခဲ့ရပြီး ‌ငွေကြေးအဆင်မပြေတဲ့အတွက် ယခုချိန်မှာတော့ စစ်ရှောင်မှာသာ အောက်စီဂျင်ရှူနေရပါတယ်။ အောက်ဆီဂျင်တလုံးကို ကျပ်နှစ်သောင်းခွဲ ပေးရပြီး ဦးဖီဒေးလယ်ဟာ တရက်ကို အောက်ဆီဂျင်နှစ်လုံးခန့် ကုန်ပါတယ်။

ဆေးခန်းတခါပြရင် သိန်းနဲ့ချီကုန်ကျတာဖြစ်လို့ စစ်ရှောင်နေတဲ့ ဦးဖီဒေးလယ်တို့ မိသားစုဟာ အောက်ဆီဂျင်ဖိုးအပြင် နေ့စဉ်ဝမ်းရေးအတွက်ပါ အနိုင်နိုင် ရုန်းကန်နေကြရပါတယ်။ သာမန်လူတွေအတွက် အခမဲ့ရတဲ့လေကို ဦးဖီဒေးလယ်က ဝယ်ရှူနေရပါပြီ။

ဦးဖီဒေးလယ်ရဲ့ ရောဂါအခြေနေဟာ ခြေလှမ်း သုံး-လေးလှမ်း လှမ်းရုံနဲ့ မောနေသလို စာရေးသူနဲ့ စကားပြောနေရင်းတောင် မောနေတဲ့အတွက် နားလိုက်၊ ပြောလိုက် လုပ်ခဲ့ရပါတယ်။

တချိန်က ခဲ ကျင်းမှာ ဂန်းထိုးလုပ်သမားအဖြစ် အလုပ်တွဲလုပ်ခဲ့ကြတဲ့ ဦးဖီ‌ဒေးလယ် ရဲ့ သူငယ်ချင်းတွေ (၇)ယောက်လောက်ဟာလည်း ကွယ်လွန်ဆုံးပါးသွားသူတွေရှိသလို တချို့ကျတော့ ရောဂါလက္ခဏာတွေ စတင်ပြနေပြီလို့ ဦးဖီဒေးလယ်က ပြောပါတယ်။

“ဒီကာလက မိသားစုတွေအဆင်မပြေတော့ ကိုယ်က အလုပ်တော့ သွားလုပ်ရမှာပဲလေနော်။ ဒါပေမဲ့ ရေရှည်တော့ မလုပ်ကြနဲ့ပေါ့။ တလနှစ်လ လုပ်ပြီးပြန်နားပေါ့။ ရေရှည်တော့ မလုပ်ကြပါနဲ့။ ရောဂါ‌ရတာနဲ့ ပြန်ကုရတာနဲ့မတန်ပါဘူး ကိုယ်ရခဲ့တာက တသိန်း‌ လောက်ပဲပေါ့ ကိုယ်ပြန်ကုတာက ဆယ်သိန်းလောက် အဲ့လိုကုန်တာ။ ကိုယ်ခံရတဲ့ချိန်မှ ကိုယ်နောင်တရတယ်” လို့ ဦးဖီဒေးလယ်က ပြောပါတယ်။

အရွယ်ရှိစဉ် အားကောင်းမောင်းသန်ခဲ့စဉ်က ဦးဖီဒေးလယ်တယောက် ခဲကျင်းမှာ အလုပ်တွေ ဖိလုပ်ရင်း ငွေကြေး အဖိုးအခတွေရခဲ့တယ်ဆိုပေမဲ့ အသက်အရွယ်တခုက စကားပြောလာတဲ့အခါ အဲ့ဒီအဖိုးအခဟာ ဆေးစာရိတ်ပြန်ဖြစ်လာခဲ့သလို ပြန်ရလိုက်တဲ့ အကျိုးအမြတ်က ဝေဒနာခံစားမှုနဲ့ သေခြင်းဆိုတဲ့ ဆုသရဖူ ဖြစ်နေခဲ့ပါတယ်။

မော်ချီးဒေသက ခဲတွင်းအလုပ်လုပ်သူတွေဟာ အရွယ်ရှိစဉ်ခါက မိသားစုအရေးအတွက်ဖြစ်စေ အခြားအမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ငွေ ဆိုတဲ့ “ဆု” ကိုရဖို့အတွက် မရဏ ခဲလုပ်ငန်းခွင်မှာ လာရောက်လုပ်ကိုင်ကြပြီး အသက်အရွယ် ရလာတဲ့အချိန်မှာ အဆိုပါလုပ်ငန်းခွင်က ပေးလိုက်တဲ့ “ဒဏ်” တဖန် ပြန်လည်ခံစားကြရပါတယ်။

ဦးဖီဒေးလယ်ဟာ ကြုံဆုံလာရမယ့်အရာတွေအတွက်အားတင်းထားသလို သူကြုံခဲ့သလို နှောင်းလူတွေ မကြုံရစေဖို့အတွက် တတ်နိုင်သလောက် အတွေ့အကြုံတွေကို ပြောပြလေ့ရှိပါတယ်။

ယခင်‌ရာစုနှစ်တွေသာမက ယခုနှစ်တွေထက်ထိတိုင် မော်ချီး ခဲတွင်းမှာ အလုပ်နေကြတဲ့ လူတွေဟာ နှစ်စဉ်နှစ်တိုင်းများလာသလို ခဲဆိပ်ကြောင့် သေဆုံးသွားခဲ့သူတွေကလည်း မ‌နည်းမနောရှိခဲ့ပြီး ဖြစ်ပါတယ်။

ယခင် အရပ်သားအစိုးရ လက်ထက်ကတည်းက ဒီလို လုပ်ငန်းခွင်မှာ ကျန်းမာရေးအရ အန္တရာယ်ဖြစ်စေတဲ့ အပေါ် အစိုးရကော၊ လုပ်ငန်းရှင်တွေဘက်ကပါ တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိခဲ့ပါဘူး။ အာဏာသိမ်းပြီးနောက်မှာတော့ ဒီလိုဖြစ်စဉ်တွေက ပိုလို့တောင် လူသိနည်းလာပါတယ်။

မော်ချီးသတ္တုတွင်းဟာ ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲမှာတည်ရှိတာဖြစ်ပြီး မြင့်မားလှတဲ့ တောင်ကုန်းတောင်တန်းတွေပေါ် မှာ ဒီလုပ်ငန်းကိုလုပ်ကိုင်နေကြတာပါ။ မြန်မာနိုင်ငံ အရပ်ရပ်က လာရောက်လုပ်ကိုင်ကြသူတွေရှိသလို ဒေသခံအလုပ်သမားတွေလည်း ရှိလာပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...