စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး တပ်ပေါင်စု တရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ချင်းညီနောင် (CB)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ကို စတင်ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။
၂၀၂၅ ခုနှစ် မေလတွင် စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် တပ်ဖွဲ့ဝင် ၁၄ ဖွဲ့ဖြင့် ကနဦး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကာ ဘုံသဘောတူညီချက်များ ရရှိလာသည်ဟု စတင်ဖွဲ့စည်းသော ဒီဇင်ဘာလ ၁၅ ရက်က ကြေညာချက်တွင် ထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၁ ရက်မှ စတင်၍ ထပ်မံဖိတ်ကြားသင့်သော အဖွဲ့များကို ဖိတ်ခေါ်လျက် တပ်ပေါင်းစု ဖြစ်မြောက်ရေး ညီလာခံတစ်ရပ်ကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် ၃ ရက်တာ ကျင်းပနိုင်ခဲ့ပြီး SRA ကို အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်ဟု သိရသည်။
တပ်ပေါင်းစုအတွင်းသို့ မပါဝင်နိုင်သေးသည့် အခြားသော နွေဦးတော်လှန်ရေးအင်အားစုများကိုလည်း မူဝါဒသတ်မှတ်ချက်များနှင့်အညီ ထပ်မံဖိတ်ခေါ်သွားမည်ဟု သိရသည်။
တပ်ပေါင်းစုညီလာခံတွင် တပ်ပေါင်းစု၏ ဖွဲ့စည်းပုံ စည်းမျဉ်းများ ဆွေးနွေးအတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ တပ်ပေါင်းစု၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SRA က ကြေညာသည်။
SRA တပ်ပေါင်းစုအဖွဲ့ဝင်များသည် တော်လှန်ရေး ကတိကဝတ် ၄ ချက်ကိုလည်း ၂၀၂၅ နိုဝင်ဘာလ ၂၃ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ပထမအချက်မှာ ခေတ်အဆက်ဆက် လူထုတောင်းဆိုချက်နှင့် တော်လှန်ရေး ရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်လာရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမည်ဟု သိရသည်။
ဒုတိယအချက်မှာ လက်ရှိကာလတွင် လူထုအပေါ် စစ်အုပ်စုက နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသဖြင့် တနိုင်ငံလုံး အထွေထွေ လူမှုစီးပွား အကြပ်အတည်းများ ရင်ဆိုင်နေရပြီး ထိုအကြပ်အတည်းမှ လူထုတစ်ရပ်လုံး အမြန်ဆုံး လွတ်မြောက်ရန် တပ်ပေါင်းစုအားဖြင့် တိုက်ပွဲဝင်သွားမည်ဟု သိရသည်။
တတိယအချက်မှာ နွေဦးတော်လှန်ရေး၏ လွှမ်းခြုံကွပ်ကဲမှုနှင့် ချိတ်ဆက်မှု အားနည်းချက်များကို ပြင်ဆင်ပြီး မိမိတို့အဖွဲ့အစည်းများသည် ခိုင်မာကျယ်ပြန့်သော မဟာမိတ်တပ်ပေါင်းစုအသွင်ဖြင့် ရပ်တည်သွားရန်နှင့် ရှင်းလင်း၍ ထိရောက်အားကောင်းသော ကွပ်ကွဲမှု ယန္တရားတရပ် ပေါ်ပေါက်လာရန် လုပ်ဆောင်မည်ဟု သိရသည်။
နောက်ဆုံးအချက်မှာ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို စုစည်းညီညွတ်မှုအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
SRA တပ်ပေါင်းစုသည် စစ်ကော်မရှင်လုပ်ရပ်များကို ဗျူဟာမြောက် ခုခံတွန်းလှန်သွားနိုင်ရန် နွေဦးတော်လှန်ရေး တပ်ဖွဲ့များအကြား စုစည်းညီညွတ်မှုအားကို အခြေပြု၍ တော်လှန်ရေး ကျင့်ဝတ်အပြည့်ဖြင့် လူထု၏ ဖက်ဒရယ် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေး လိုလားချက်များ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဟု သိရသည်။
SRA တပ်ပေါင်းစုအဖွဲ့ဝင် ချင်းညီနောင် - CB ၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော်-BPLA ၊ ဗမာ့တပ်တော် - BA ၊ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ - KNDF ၊ 96 Soldiers PDF ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး - BLDF ၊ ဓနုပြည်သူ့ လွတ် မြောက်ရေးတပ်တော် - DPLF ၊ Force for Federal Democracy – FFD ၊ Generation Z Army- GZA ၊ ကလေးဒေသတော်လှန်ရေးတပ် - KRF ၊ မကွေးပြည်သူ့ကာကွယ်ရေးမတော် - Magway PDF ၊ မွန်ပြည်တော်လှန်ရေးတပ် - MSRF ၊ အမျိုးသားလတ်မြောက်ရေးတပ်တော် - NLA ၊ ပြည်သူ့လွတ်မြောက်ရေဂတပ်တော် - PIA ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေး တပ် (ခမ်းဒေါင်)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် - Sagaing PDF ၊ ကျောင်းသားလက်ရုံးတပ်တော် - SAF ၊ ယောတပ်တော် - YA နှင့် ယောကာကွယ်ရေးတပ် - YDF တို့ ပါဝင်သည်ဟု သိရသည်။







