ဂျိုင်းမြစ်အတွင်း ပစ်ခတ်ခံခဲ့ရသည့် ကျားဖြန့်လုပ်သားရုပ်အလောင်း ၄ ခုတွေ့ရှိထားပြီး ဆယ်ယူမည့်သူ မရှိဟုဆို

ဂျိုင်းမြစ်အတွင်း ပစ်ခတ်ခံခဲ့ရသည့် ကျားဖြန့်လုပ်သားရုပ်အလောင်း ၄ ခုတွေ့ရှိထားပြီး ဆယ်ယူမည့်သူ မရှိဟုဆို
Photo credit - CJ
Photo credit - CJ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ သေဆုံးခဲ့ရသည့် ကျားဖြန့်လုပ်သားများ၏ ရုပ်အလောင်း ၄ ခုကို တွေ့ရှိထားပြီး ဆယ်ယူမည့်သူမရှိကြောင်း ဂျိုင်းမြစ်ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်က ဘားအံမြို့နယ်၊ ခရားအပြင်ကျေးရွာတွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများသည် တစ်ဖက်ကမ်းရှိ ကော့ဘိန်းကျေးရွာသို့ သွားရောက်ရန် စက်လှေ ၃ စင်းဖြင့် ဂျိုင်းမြစ်ကို ဖြတ်ကူးစဉ် စစ်ကော်မရှင်အဖွဲ့၏ ဖမ်းဆီးစစ်ဆေးခြင်းခံရပြီး စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့သည့် လှေ ၁ စင်း ပစ်ခတ်ခံခဲ့ရသည်။

ပစ်ခတ်ခံရမှုကြောင့် စက်လှေပေါ် လိုက်ပါလာသူ ကျားဖြန့်လုပ်သား ၄ ဦး အပါအဝင် စက်လှေမောင်းသူ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး မြစ်အတွင်းမျောပါခဲ့ရသည်။

ထို့နောက် ဒီဇင်ဘာ ၁၂ ရက်နေ့က ရုပ်အလောင်း ၁ လောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က ရုပ်အလောင်း ၃ လောင်း မြစ်ထဲ မျောပါနေသည်ကို တွေ့ရှိရသော်လည်း ယနေ့အထိ ဆယ်ယူမည့်သူ မရှိသေးကြောင်း ခရားအပြင်ရွာခံ အမျိုးသားတစ်ဦးကပြောသည်။

“အဲအလောင်းတွေက ခရားအပြင်ကျေးရွာနဲ့ ကော့ဘိန်းကျေးရွာ ကမ်းနဘေးတွေမှာ ကပ်နေတယ်။ မြစ်ရေအတက်အကျပေါ် မူတည်ပြီး အလောင်းတွေကလည်း ဟိုဘက်သွား၊ ဒီဘက်သွားလိုက် ဖြစ်နေတယ်။ စက်လှေနဲ့ ငါးဖမ်းသမားတွေက အရင်တွေ့သွားကြတယ်။ ဒါပေမဲ့ အရမ်းပုပ်သိုးပြီး နံစော်နေလို့ ဘယ်သူမှလည်း မကိုင်ရဲကြဘူး။ ပြီးတော့ ကျားဖြန့်လုပ်သားအလောင်းဆိုတော့လေ၊ ဘယ်သူမှ မဆယ်ယူရဲဘူး။ အလောင်းတွေက ကိုယ့်လယ်ယာ၊ ကိုယ့်ခြံဘက်ကို မျောလာရင်လည်း တုတ်နဲ့ မြစ်ဘက်ကို ထိုးချလိုက်ကြတယ်” ဟု သူက ပြောသည်။

အဆိုပါအလောင်း ၄ လောင်းသည် အသက် ၃၀ အရွယ်ဝန်းကျင်ရှိ အမျိုးသားများသာ ဖြစ်ကြပြီး မျက်နှာပုံအရ တရုတ်နိုင်ငံသားများ ဖြစ်နိုင်သည်ဟု ယူဆရကြောင်းလည်း အထက်ပါ ဒေသခံက ပြောသည်။

သို့သော် စက်လှေမောင်းသူ ဒေသခံအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ချိန်အထိ မတွေ့ရှိသေးသည့်အတွက် လက်နက်ထိမှန်ခြင်း မရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အနေအထား ရှိနိုင်သည်ဟု ဆိုသည်။

“စက်လှေမောင်းသူရဲ့ ရုပ်အလောင်းကိုတော့ အခုထိ မတွေ့ ကြသေးဘူး။ စက်လှေမောင်းသမားကတော့ ဒီဘက်ကဒေသခံတွေပဲဖြစ်တယ်။ ရွာနာမည်တော့ မပြောတော့ပါဘူး။ တကယ်လို့ သူသေခဲ့ရင် သူ့မိသားစုတွေကတော့ ရှာဖွေနေကြမှာပဲ။ ဒီဘက်လူတွေကလည်း ရေကူးကျွမ်းကြတယ်လေ။ အဲကြောင့် ပစ်ခတ်ခံတဲ့နေ့မှာ ညပိုင်းကြီး မှောင်မဲနေတယ်ဆိုတော့ အဲစက်လှေမောင်းသူက အခြားတစ်နေရာရာကို ရေကူးသွားပြီး လွတ်မြောက်သွားတာလည်း ဖြစ်နိုင်တယ်” ဟု ခရားအပြင်ကျေးရွာခံ အမျိုးသားက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်အဖွဲ့တို့က ဂျိုင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကူးနိုင်သည့် နေရာများကို ကင်းလှည့် စောင့်ကြည့်လျှက်ရှိပြီး ခရားအပြင်ကျေးရွာ၊ ကော့ဘိန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျားဖြန့်လုပ်သားများ လျို့ဝှက်နေထိုင်နိုင်သည့် ဥယျာဉ်ခြံနေရာများသို့ ရှင်းလင်းရေး လုပ်ဆောင်နေကြသည်။

ထိုအပြင် စက်လှေနှစ်စင်းဖြင့် ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား ၈ ဦးအပါအဝင် ကျားဖြန့်လုပ်ငန်းနှင့် ပတ်သတ်သည့် ပစ္စည်းကိရိယာများကိုလည်း ဘားအံမြို့နယ်၊ ခြေလျင်တပ်ရင်း ခလရ-၈၁ တွင် ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

မြဝတီ ရွှေကုက္ကကိုလ်နယ်မြေတစ်ဝိုက် စစ်ကော်မရှင်အဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့များ ကျားဖြန့်နှိမ်နင်းမှု လုပ်ဆောင်လာသည့်နောက် ဘားအံမြို့နယ်အတွင်းသို့ ကျားဖြန့်လုပ်သားများစွာ ရောက်ရှိလာပြီး ဘားအံမှတစ်ဆင့် မော်လမြိုင်နှင့် ဘုရားသုံးဆူဒေသဘက်သို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသည်။

မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ကျားဖြန့်လုပ်သား ၆၀၀ ကျော်ဖမ်းဆီးရမိထားပြီး နှစ်ပတ်ကြာ ထိန်းသိမ်းထားသည့်နောက်  ဒီဇင်ဘာလ ၆ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...