ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကော်မရှင်၏ ဝါဒဖြန့်ချန်နယ်များမှ ဆေးရုံတိုက်ခိုက်မှုကို လျစ်လျူရှုပြီး သေဆုံးသူများမှာ AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ တိုက်ခိုက်မှုမှာ သတင်းပေးမှုကြောင့်ဖြစ်ကြောင်း စသည့် သတင်းတုများ၊ အချက်အလက်မခိုင်လုံသော ပုံများ နှင့် ဇာတ်လမ်းပုံဖော်မှုများကို စနစ်တကျ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
သတင်းတု ဖြန့်ဝေမှု
စစ်ကော်မရှင်၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များဖြစ်သည့် ကျော်စွာ၊ ရွှေဘ၊ ဟန်ငြိမ်းဦး၊ စစ်သွေး၊ ကကဟန် နှင့် ပုလဲမြေ စသည့် ချန်နယ်များမှ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စာသားများအပြင် ထည့်သွင်းအသုံးပြုသည့် ပုံများလည်း တူညီသည့် ပိုစ့်တခုကို စက္ကန့်ပိုင်းသာ ခြားပြီး တပြိုင်နက် ဖော်ပြသည်။
ထိုဖော်ပြသည့် အကြောင်းအရာတွင် အာရက္ခတပ်တော် (AA) ကို မကျေနပ်သည့် ရခိုင်လူမျိုးများအပါအဝင် PDF တပ်ဖွဲ့များ၏ သတင်းပေးမှုကြောင့် ယခုသို့ ဗုံးကြဲရခြင်းဖြစ်ပြီး AA တပ်သား သေဆုံးသူ ၃၀ ကျော် ရှိကြောင်း ရေးသားထားသည်။
အသုံးပြုသည့် ပုံများသည် AA တပ်သားများ သေဆုံးမှုကို ဝမ်းနည်းကြောင်းဖော်ပြသည့် တစ်တော့ ပိုစ့်များကို ဖော်ပြထားသည်။ ထိုဖော်ပြထားသည့် ပုံ ၉ ပုံတွင် လူ ၇ဦး၏ ပုံများပါဝင်သည်။ မဇ္ဈိမ မှ ထိုပုံများကို အချက်အလက်စိစစ်ခဲ့ပြီး ထို ၇ ဦးအနက် ၄ ဦး၏ အချက်အလက်အဟောင်းများကို တွေ့ရသည်။ တစ်တော့ ဆိုရှယ်မီဒီယာတွင် ၂၀၂၂ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် အတွင်း ဖော်ပြခဲ့သည့် သေဆုံးတပ်သားအတွက် ဝမ်းနည်းကြောင်း ဖော်ပြမှုများ ဖြစ်သည်။
လင့် – https://shorturl.at/zXnS2 , https://shorturl.at/wR1oM , https://shorturl.at/cJux5 , https://shorturl.at/sGiSi
ထပ်မံ၍ ထိုဝါဒဖြန့် ချန်နယ်များမှ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် AA တပ်သားများ၏ အုပ်စုလိုက်ဓါတ်ပုံတွင် သေဆုံးသူများကို ဝိုင်းပြထားသည့် ပုံ ၆ ပုံကို ‘Mrauk Oo Thar Chay’ အကောင့်ဖြင့် ဖေ့ဘုတ်တွင် ဝမ်းနည်းကြောင်း ဖော်ပြထားသည့် ပုံကို ဖြန့်ဝေထားသည်။
ထိုဝမ်းနည်းကြောင်း ဖော်ပြထားသည့် ပုံဖြင့်ပင် စစ်ကော်မရှင်၏ လက်အောက်ခံ သတင်းစာများ၊ ပြည်တွင်းမီဒီယာများတွင် ဆက်လက်ဖော်ပြသည်။
ထိုပုံများအပေါ် သုံးသပ်ကြည့်လျှင် ဝမ်းနည်းကြောင်းဖော်ပြသည့် ဖေ့ဘုတ်ဖော်ပြမှုတခုကို စခရင်ရှော့ (Screenshot) ရယူအသုံးပြုထားပြီး ထိုပုံတွင် နေ့ရက်၊ အချိန် ပါဝင်သည့် ဖုန်း (သို့မဟုတ်) ကွန်ပျူတာ မျက်နှာပြင် စသည်တို့ မပါဝင်ပေ။
စစ်ကော်မရှင်၏ ဝါဒဖြန့်ချန်နယ်၊ သတင်းစာ၊ လက်ဝေခံ မီဒီယာများတွင် ‘Mrauk Oo Thar Chay’ ဖေ့ဘုတ်အကောင့်မှု ဖော်ပြမှု တခုတည်းကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး အခြား ပျံ့နှံ့မှုများတွင်လည်း ထိုပုံကိုသာ အသုံးပြုထားသည်။
မူလ တင်ပြီးချိန်မှ ၁၃ နာရီတွင် ထိုပုံကို Screenshot ရိုက်ယူထားခြင်းဖြစ်ပြီး ပျံ့နှံ့မှု တိုင်းတွင်လည်း ထို အချိန်သာဖြစ်နေသည်ကို တွေ့ရသည်။
ထိုဖေ့ဘုတ်အကောင့်ကို ရှာဖွေရာတွင် ထပ်တူကျသည့် အကောင့်တခုသာတွေ့ရသည်။ ထိုအကောင့်တွင်လည်း ထိုသို့ဖော်ပြထားခြင်း မရှိသည့်အပြင် ၎င်းတင်ထားသည့် ပိုစ့်အောက် မှတ်ချက်တွင် လာရောက်မေးမြန်းသူကို “ကျန်တော်အကောက်မဟုပ်အစ်ကိုယင်းစွာ” ဟု ၎င်းဖော်ပြထားခြင်း မဟုတ်ကြောင်း ပြန်လည် ပြောဆိုထားသည်ကို တွေ့ရသည်။
ဤအချက်များကြောင့် ယခုပုံသည် ဖန်တီးထားခြင်းဖြစ်ပြီး ထိုဖန်တီးမှုဖြင့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြမှုကို စစ်ကော်မရှင်မှ သတင်းထုတ်ပြန်ချက်တွင် ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။
ထိုပုံတခုတည်းကိုသာ သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူများသည် AA တပ်သားများဖြစ်သည်ဟု တထစ်ချ ဖော်ပြထားခြင်းသည် မခိုင်လုံသည့် အချက်အလက်ပင် ဖြစ်သည်။
ဇာတ်ကြောင်းပုံဖော် ဝါဒဖြန့်ချိမှု
မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုသည် စစ်ကော်မရှင်မှ အရပ်သားပစ်မှတ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုခံယူနေသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၃၃ ဦးသေဆုံးခဲ့ပြီး အရပ်သား ၇၇ ဦးတို့ ဒဏ်ရာ ရရှိထားသည်ဟု အာရက္ခတပ်တော်(AA)မှ သတင်းထုတ်ပြန်ထားသည်။
ထိုထိခိုက်မှုအတွက် အာစီယံနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ့် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ဝမ်းနည်းကြောင်း၊ စစ်ကော်မရှင်၏ လုပ်ရပ်ကို ရှုံချကြောင်း နှင့် စစ်ရာဇဝတ်မှု ဖြစ်ကြောင်း ဖော်ပြကြသည့်အပြင် နိုင်ငံတကာ မီဒီယာများတွင်လည်း သတင်းဖော်ပြထားကြသည်။
ထို့သို့ သိသာထင်ရှားနေသည့် အခြေအနေကို စစ်ကော်မရှင်၏ ဝါဒဖြန့် ချန်နယ်များတွင် မြောက်ဦးဆေးရုံဗုံးကြဲခံရပြီး AA တပ်သား ၃၁ ဦး သေဆုံးကြောင်း ဒဏ်ရာရ သူများကို ‘၆၀သေခါနီး’ ဟူသော ဝမ်းသာအားရဖြစ်သည့် အရေးအသားများဖြင့် တွေ့ရသည်။
တဖန် သေဆုံးသူများသည် AA တပ်သားများဖြစ်ကြောင်း ပုံပေါ်စေရန် အထက်တွင် ဖော်ပြခဲ့သည့် သတင်းတုများ၊ မတိကျ မခိုင်လုံသည့် အချက်အလက်များဖြင့် သေဆုံးသည့် တပ်သားပုံများအဖြစ် ဖော်ပြကြသည်။
ထပ်မံ၍ AA နှင့် ရခိုင်လူမျိုးများအကြား၊ AA နှင့် နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများအကြား သွေးခွဲသည့် ဇာတ်ကြောင်းအဖြစ် ဤသို့ ဗုံးကြဲနိုင်ခြင်းမှာ AA ကို မကျေနပ်သည့် တပ်ဖွဲ့များမှ သတင်းအတိအကျ ပေးသောကြောင့် ဗုံးကြဲရခြင်းဖြစ်ကြောင်း ပုံဖော်သည်။ ထို့ပြင် အပြန်အလှန်စာပို့ထားကြသည့် ပုံကို သုံး၍ ကျောင်းသားလက်ရုံးအဖွဲ့မှ မင်းဟန်ထက်မှ သတင်းပေးသယောင် ရေးသားဖြန့်ဝေကြသည်။
ဤသို့ အရပ်သား ပစ်မှတ်ကို တိုက်ခိုက်သော်လည်း စစ်ကော်မရှင်၏ တိုက်ခိုက်မှုမှာ လက်စားခြေမှု ဖြစ်ကြောင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ တွင် ဖြစ်ပေါ်ခဲ့သည့် ကျောက်တော် ကမ်းထိုးရေယဉ်ဖြစ်စဉ်ကို ပြန်လည် ဖော်ပြကြသည်။ စစ်ကော်မရှင်တပ် အသေအပျောက်များပြားခဲ့သော ဖြစ်စဉ်ဟောင်းကို ဖော်ပြခြင်းဖြစ်သည်။
AA တပ်ဖွဲ့မှ ကျူးလွန်သည်ဟုဆိုကာ ရက်ရက်စက်စက် သတ်ဖြတ်နေသည့် ဗီဒီယိုဖိုင် အဟောင်းများ၊ မြောက်ဦး ယဉ်ကျေးမှု နယ်မြေတွင် လက်နက်ကြီး ထိခိုက်မှုဖြစ်စဉ်များ စသည့် ဖြစ်စဉ်အဟောင်းများကို ပြန်လည်မျှဝေကြသည်။
ဖမ်းဆီးရန် လှုံ့ဆော်မှု အဖြစ် မြောက်ဦးဖြစ်စဉ်ကြောင့် မကျေနပ်ကြောင်း ဆိုရှယ်မီဒီယာတွင် ဖော်ပြသည့် ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ လိပ်စာကို တောင်းကာ ဖမ်းဆီးရန် ခြိမ်းခြောက်လှုံ့ဆော်ခြင်းကိုတွေ့ရသည်။
စစ်ကောင်စီသည် အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကို သတင်းတုများ၊ အချက်အလက်တုများ ဖြင့် ဖုံးကွယ်ပြီး သေဆုံးသူများမှာ AA တပ်သားများဖြစ်သည်ဟု ပုံဖော်ကာ စစ်ရာဇဝတ်မမြောက်ကြောင်း လိမ်ညာခဲ့သည်။ အရပ်သားသေဆုံးသည့် အချက်အလက်များ ထွက်ပေါ်လာသောအခါတွင်လည်း ဖြစ်စဉ်ဟောင်းများကို အသုံးပြုကာ ၎င်းတို့၏ လုပ်ရပ်ကို လက်စားချေခြင်း အဖြစ် ပုံဖော်ခဲ့သည်။ အဆိုးရွားဆုံးမှာ မွေးကင်းစကလေးငယ်အပါအဝင် သေဆုံးခဲ့ရသည့် ဤဖြစ်စဉ်အပေါ် အားရဝမ်းသာသည့် အရေးအသားများ ဖြင့် ဝါဒဖြန့်ချိခဲ့ခြင်းပင်ဖြစ်သည်။
မဇ္ဈိမကိုကြည့်ရှုအားပေးသူများအနေဖြင့် မိမိ စစ်ဆေးစေလိုသည့် သတင်းများကို မဇ္ဈိမ ဝိုင်းတော်သားများသို့ ပေးပို့နိုင်ပြီး t.ly/AjFbz ဤလင့်မှတဆင့် စစ်ဆေးစေလိုသည့် သတင်းအကြောင်းအရာကို လင့်နှင့်တကွ ပေးပို့ရန် မေတ္တာရပ်ခံအပ်ပါသည်။







