ကျောက်တော် ကြောင်ဖိုရွာ ဗုံးကြဲခံရ၍ အရပ်သား အမျိုးသမီးငယ် ငါးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၁ဝ ဦးဒဏ်ရာရ

ကျောက်တော် ကြောင်ဖိုရွာ ဗုံးကြဲခံရ၍ အရပ်သား အမျိုးသမီးငယ် ငါးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၁ဝ ဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာ ယနေ့နံနက်က မြန်မာလေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား အမျိုးသမီးငယ် ငါးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၁ဝ ဦးဒဏ်ရာရကာ နေအိမ် ၄ ဆောင် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ယခုသေဆုံးမှုသတင်းကို အေအေနှင့်နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှတဆင့် သိရှိရသည်။

နိရဉ္စရာကစုံစမ်းသိရှိချက်အရ ကြောင်ဖိုရွာမှ သေဆုံးသူများတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးငယ်ငါးဦးနှင့် နောက်ထပ်တစ်ဦးတို့ဖြစ်သည်။

ဒဏ်ရာရရှိသူများတွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားငါးဦးနှင့် ကလေးများလည်း ပါဝင်သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကြောင်ဖိုရွာမှာ ထိသွားတယ်။ အကုန်လုံး အသက်ငယ်ပိုင်းတွေချည်းပဲ ထိသွားတာပါ" ဟု ပြောသည်။

မြန်မာအကြမ်းဖက်လေတပ်က ကျောက်တော်မြို့နယ်ရှိ နေရာသုံးခုကို ယနေ့နံနက် ၁ဝ နာရီ ၄ဝ မိနစ်မှ ၁ဝ နာရီ ၄၅ မိနစ်ကြားတွင် တပြိုင်တည်း ဗုံးလာကြဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဗုံးကြဲခံရသည့်နေရာများမှာ ကန်စောက်ရွာအနီး၊ နန်းတက်ရွာအနီးနှင့် ပြောင်းဆိပ်ရွာဘက်တို့ဖြစ်သည်ဟု မျက်မြင် ဒေသခံအမျိုးသမီးတစ်ယောက်က နိရဉ္စရာကို ပြောသည်။

“နန်းတက်ဘက်မှာတစ်လုံး၊ ကြောင်ဖို ရွာဘက်မှာတစ်လုံး။ ဘယ်နေရာကျလဲ အတိအကျတော့ မမြင်လိုက်ရဘူး။ ချတာက အဲဒီဘက်ကကြားလိုက်ရတယ်။ နောက်တစ်လုံးက ကန်စောက်အမြောက်တပ်ဘက်ကိုတစ်လုံးချတယ်။ မီးခိုးထွက်တာကိုပါ မြင်လိုက်ရတယ်”ဟု ပြောသည်။

လက်ရှိတွင် ကြောင်ဖိုကျေးရွာမှ ထိခိုက်သေဆုံးသူများ၏စာရင်းသာထွက်ပေါ်လာပြီး ကျန်နေရာများ၏ အခြေအနေများကို မသိရှိရသေးပါ။

နောက်ဆက်တွဲ ထူးခြားသည့်သတင်းရရှိပါက ဆက်လက်တင်ပြပေးပါမည်။

ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာနှင့် နန်းတက်ဘုရားသိမ်အကြားရှိ အခမဲ့ ကွန်ပျူတာကျောင်းဟောင်း အနီးကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်၊ ညနေ ၄ နာရီတွင် အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ဆယ်မိနစ်ခြား နှစ်ကြိမ်လာရောက်ဗုံးကြဲခဲ့ရာ အရပ်သားအမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...