‘စစ်ကော်မရှင်တပ်အား TNLA က လုံခြုံရေးယူပေးရမည်’ ဟု သဘောတူထားသည်ဟူသော အတည်မပြုနိုင်သည့် သတင်းများကြောင့် မိုးကုတ် ဒေသခံများ ထိတ်လန့်ကာ ဘေးလွှတ်နိုင်မည့် နေရာများသို့ ဆက်တိုက် စစ်ဘေးရှောင်နေကြသည်။
မိုးကုတ်မြို့တွင် ဒေသခံပြည်သူများသည် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကော်မရှင်တပ် (စကမ) တို့အကြား သဘောတူညီချက်များ ထွက်ပေါ်လာခြင်းကြောင့် စိုးရိမ်ပူပန်မှု မြင့်တက် နေသည်။
TNLA က စစ်ကော်မရှင်တပ်အား လုံခြုံရေးယူပေးကာ မြို့တွင်းသို့ ပြန်လည်ခေါ်ယူပေးရမည်ဟူသော အတည်မပြုနိုင်သည့် သတင်းများကြောင့် မိုးကုတ်မြို့ခံများမှာ စစ်ရှောင်နေကြရပြီး၊ ယခုတစ်ကြိမ် စစ်ရှောင်သူဦးရေမှာ မြို့သိမ်းတိုက်ပွဲ မဖြစ်ပွားမီက ရှောင်တိမ်းသူဦးရေထက် ပိုမိုများပြားလာကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
PDF နှင့် နီးစပ်သည့် မြေပြင်အရင်းအမြစ်များ၏ ပြောဆိုချက်အရ TNLA နှင့် စစ်ကော်မရှင်တပ်တို့အကြား လားရှိုးမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ခန့်က မိုးကုတ်မြို့မှ ဆုတ်ခွာရေးအတွက် တွေ့ဆုံဆွေးနွေးကာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သတင်းများထွက်ပေါ်နေသည်။
ထွက်ပေါ်နေသည့် သတင်းများအရ လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် TNLA မှ စစ်ကော်မရှင်တပ်အား လုံခြုံရေးယူပေး၍ မြို့တွင်းသို့ ခေါ်ဝင်လာရမည်ဖြစ်ပြီး၊ လမ်းခရီးတစ်လျှောက် ကျည်မပေါက်ရန်အတွက်လည်း TNLA က တာဝန်ခံပေးရမည်ဟု ဆိုသည်။
PDF တပ်ရင်းများအား ထောက်ပို့လုပ်ဆောင်နေသူ တစ်ဦးက “မြို့ခံတွေတော့ စိုးရိမ်လို့ တော်တော်များများ တော့ ရှောင်ကုန်ကြပြီဗျ။ အဖွဲ့တွေကလည်း ခဏတော့ ရှောင်ထားပေးရတာမျိုးတွေ ရှိပါတယ်ဗျ။ PDFတွေ ကို ထောက်ခံမှုက လျော့ကျသွားတာ မရှိပေမယ့်လည်း လောလောဆယ်မှာ တိုက်လို့ မရသေးဘူးဆိုတော့ နည်း နည်းတော့ အားငယ်သွားတာမျိုးတော့ ရှိတာပေါ့ ပြည်သူတွေဖက်က” ဟု ပြောသည်။
အဆိုပါ သတင်းသည် တရားဝင် အတည်ပြုချက် မရသေးသော်လည်း ဒေသခံများအကြား စိုးရိမ်ပူပန်မှု မြင့်မား နေပြီး စစ်ရှောင်နေကြရသည်။
ယခုတစ်ကြိမ် စစ်ရှောင်သည့် လူဦးရေသည် ယခင်မြို့သိမ်းတိုက်ပွဲ မဖြစ်ပွားခင်က ရှောင်ကြသည့် လူဦးရေထက် ပိုမိုများပြားလျက်ရှိသည်။
မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက “အကုန်လုံးကလည်း ပြောနေကြတယ်ဆိုတော့ အတည်လောက်နီးနီး ဖြစ်နေပါတယ်။ ဒါပေမယ့် ပလောင်ကတော့ တရားဝင် ထုတ်ပြန်တာမျိုး မရှိဘူးဗျ။ အခု ရှောင်တာက တော် တော်များတယ်” ဟု အခြေအနေကို ရှင်းပြသည်။
အဆိုပါ အခြေအနေများ၊ သတင်းထွက်ပေါ်နေမှုများနှင့် ပတ်သက်၍ တအာင်းတပ် TNLA ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
စစ်ရှောင်နေကြသည့် ဒေသခံများအနက် CDM (Civil Disobedience Movement) ဝန်ထမ်းများအား TNLA ထိန်းချုပ်နယ်မြေများတွင် လာရောက်ခိုလှုံကြရန် ဖိတ်ခေါ်မှုများလည်း ရှိနေသည်ဟု သတင်းများက ဆိုသည်။
လက်ရှိတွင် TNLA ဘက်မှ တရားဝင် မဆုတ်ခွာသေးသော်လည်း ရုံးပိုင်းဆိုင်ရာပစ္စည်းများ စတင်ရွှေ့ပြောင်း နေပြီး၊ ယခင်က ချိတ်ပိတ်ထားသည့် နေအိမ်များမှလည်း ပစ္စည်းများ သယ်ထုတ်နေကြသည်ဟု PDF နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
တရုတ်နိုင်ငံ ကူမင်းမြို့၌ အောက်တိုဘာ ၂၈ ရက်နေ့က တရုတ်အစိုးရ ကြားခံမှုဖြင့် TNLA နှင့် စစ်ကော်မရှင် တပ်တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မိုးကုတ်မြို့ပေါ်မှ TNLA တပ်များ ဆုတ်ခွာရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
မိုးကုတ်ဒေသခံများမှာ စစ်ကော်မရှင်တပ် ပြန်လည် ဝင်ရောက်လာပါက တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံရ မည့်အပြင် ၎င်းတို့၏ နေအိမ်များ ချိတ်ပိတ်ခံရမည်ကိုပါ စိုးရိမ်နေကြရသည်။
ထို့ကြောင့် စစ်ကော်မရှင်တပ်အား လက်မခံကြောင်း ပြသသည့်အနေဖြင့် သံပုံးတီး ဆန္ဒထုတ်ဖော်မှုများ လုပ်ခဲ့ကြသည်။







