ကချင်စစ်မျက်နှာ ဆက်လက် တင်းမာ၊ ဖားကန့်၌ ကျောက်တူးသူများပါ ဒရုန်းဗုံး ဒဏ်ခံရ

ကချင်စစ်မျက်နှာ ဆက်လက် တင်းမာ၊ ဖားကန့်၌ ကျောက်တူးသူများပါ ဒရုန်းဗုံး ဒဏ်ခံရ

ကချင်ပြည်၊ ဗန်းမော်၊ ဖားကန့်နှင့် ပူတာအိုခရိုင်တို့၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကော်မရှင်တပ်တို့ကြား စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေပြီး လေယာဉ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ စံချိန်တင် မြင့်တက်လာကာ အရပ်သားများ ထိခိုက်မှုနှုန်းလည်း မြင့်မားလျက်ရှိသည်။

KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်တာ ရှိပါတယ်။ ဒါကြောင့် ကချင်ပြည်နယ် တစ်ခုလုံးနဲ့ ခြုံပြီးမှ ပြောမယ်ဆိုရင်တော့ ဗန်းမော်၊ နောက် ဝိုင်းမော်၊ ဖားကန့် အခြေအနေ ကတော့ တင်းမာတဲ့ အနေအထား ဖြစ်ပါတယ်။ Y-12 နဲ့ ဗုံးကြဲတာတွေ၊ ဂျက်ဖိုက်တာနဲ့ ပစ်တာတွေ လက်နက် ကြီးတွေ လေကြောင်းတွေ ဒါကတော့ ပြောစရာမလိုပါဘူး နေ့တိုင်းရှိပါတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ဒုတိယပတ်အတွင်း မြေပြင်တိုက်ပွဲပေါင်း ၅၇ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း KIO/KIA ၏ ထုတ်ပြန် ချက်အရ သိရသည်။

KIO/KIA ပြန်ကြားရေးဌာန၏ နိုဝင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်နေ့ အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် (လမြန်) နယ်မြေများတွင် တိုက်ပွဲပေါင်း ၅၇ ကြိမ် ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုများသည် KIA တပ်မဟာ ၇၊ ၄ နှင့် ၁ နယ်မြေများတွင် အများဆုံးဖြစ်ပွားခဲ့ပြီး ဗန်းမော် စစ်မျက်နှာပြင်တွင် ခုခံတိုက်ပွဲ ၄၇ ကြိမ်၊ ဝိုင်းမော်/လမြန် စစ်မျက်နှာပြင်တွင် ၁၀ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

KIA ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောဆိုသည်။

စစ်ကော်မရှင်တပ်ဖွဲ့များသည် စစ်မြေပြင် ထိတွေ့မှုများမရှိသည့် နေရာများနှင့် အရပ်သားများ၏ စီးပွားရေး လုပ်ငန်းခွင်များကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။

ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ထဲ ကျောက်စိမ်းမှော်တစ်ခုတွင် စက်ယန္တရားများမပါဘဲ လက်ကျင်းတူး ရှာဖွေနေသည့် သူများအား ဒရုန်းဖြင့် ဗုံး ၃ လုံး ကြဲချခဲ့ရာ အရပ်သားများ ထိခိုက်မှုရှိခဲ့သည်။

နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲများပြန်ဖြစ်နေသည့် ဖားကန့်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၌ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးမိခင်တစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ပြီး၊ နိုဝင်ဘာ လ ၁၃ ရက်နေ့၌လည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးမြို့ကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် Y-12 ရဟတ်ယာဉ်ဖြင့် ဗုံး ၂ လုံး ရုတ်တရက် ကြဲချတိုက်ခိုက်ခဲ့သည်။ ဆဒုံးမြို့သည် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ မရှိခဲ့ဘဲ လေကြောင်းမှ ဗုံးကြဲခံရခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးလာကြဲသွားတာပါ။ လူတွေက စိုးရိမ်မှုရှိကြတာပေါ့ ဗျာနော်။ ဘာလို့လဲဆိုတော့ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့က လေကြောင်းရော ဒရုန်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက် တာဆိုတော့။ ဗုံးကြဲပြီဆိုရင်လည်း လူထုတွေ နေတဲ့ နေရာတွေကိုပဲ တည့်တည့်လာပစ်ထည့်တာဆိုတော့” ဟု ပြောသည်။

အလားတူ ကချင်ပြည် မြောက်ပိုင်း၊ ပူတာအိုခရိုင်၌လည်း စစ်ရေးတင်းမာမှု မြင့်တက်လာနေသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တန်ဂျာကျေးရွာအနီး မလိခမြစ်ကြောင်းအတိုင်း စစ်ရေးလှုပ်ရှားလာသော စစ်ကော်မရှင် ပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင် ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် ပူတာအိုခရိုင်အတွင်း လေကြောင်းဗုံးကြဲမှုများလည်း ပြုလုပ်နေပြီး၊ နိုဝင်ဘာလ ၁၂ ရက်နေ့က မြစ်ကြီးနား - ပူတာအို လမ်းပိုင်းရှိ အင်ဆိုင်းယာန်ကျေးရွာကို ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းနှင့် စစ်ကော်မရှင်တပ်၏ လေကြောင်း၊ လက်နက်ကြီး အသုံးပြုမှု မြင့်တက်လာခြင်းကြောင့် ဖားကန့်၊ မချမ်းဘော့နှင့် ပူတာအိုမြို့နယ်များရှိ အရပ်သားများ၏ လုံခြုံရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။

စစ်ရေးလေ့လာသူတစ်ဦးက "KIA ထုတ်ပြန်ချက်အရ လေကြောင်းနဲ့ ဒရုန်း အသုံးပြုမှု ပမာဏက အရင်ကာလ တွေထက် သိသိသာသာကို များလာတယ်။ ဒါဟာ စစ်ကောင်စီရဲ့ မြေပြင်အင်အား အားနည်းလာတာကြောင့် အရပ်သား ပစ်မှတ်တွေကိုပါ ရည်ရွယ်ချက်ရှိရှိ ထိပါးလာတဲ့ ပုံစံမျိုးလို့ သုံးသပ်ရတယ်။ ဒီအခြေအနေဟာ ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် အရမ်းကို စိုးရိမ်စရာပါ” ဟု ပြောသည်။

လက်ရှိတွင် KIA/KPDF ပူးပေါင်းတပ်များက ဒေသခံပြည်သူများအား စစ်ကော်ရှင်တပ်၏ ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို သတိပြုကြရန် ထပ်မံ သတိပေးထားသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...