မှော်စီဇာကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး အရပ်သားထိခိုက်မှုရှိ

မှော်စီဇာကျေးရွာအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး အရပ်သားထိခိုက်မှုရှိ
Photo credit - CJ
Photo credit - CJ

ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာအတွင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ နေအိမ်တချို့ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မှော်စီဇာမှာက မနေ့ကအထိ အခြေအနေ ဆိုးနေတာ။ အခုမှ နည်းနည်းငြိမ်တာ၊ လေယာဉ်တွေနဲ့ လာကြဲတာရော၊ လက်နက်ကြီး ကျတာတွေရာ၊ လက်နက်ကြီးဆို ငါတို့အိမ်ရှေ့ ဘုရားကုန်းပေါ်မှာကျတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မှော်စီဇာတောင်ပေါ် ကျောင်းဝင်းနဲ့ ကျောင်းတိုက်အတွင်းပိုင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းကို စစ်တပ်ရဲ့ စစ်ကြောင်းအသစ် ဝင်ရောက်လာပြီးတဲ့နောက် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာနေတာပါ။ 

နိုဝင်ဘာလ ၈ ရက်နေ့မှာ စစ်ကြောင်းတွေက ဖားကန့်မြို့နယ်ထဲကို ရောက်ရှိလာပြီး မှော်စီဇာကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။ 

စစ်တပ်ရဲ့ စစ်ကြောင်းတွေကို မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရောက်ရှိလာချိန်မှ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ရှိလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သား သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“မနက်ရော ညရော၊ ဟိုနေ့ကလည်း လမ်းမှာ စစ်ကြောင်းဖြတ်လို့ လက်နက်ကြီးတွေနဲ့ ပစ်တာ။ ကိုယ်ဝန်သည် အစ်မတစ်ယောက် သေတာ၊ မှော်စီဇာလမ်းမကြီးပေါ်မှာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ 

မှော်စီဇာကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေ မြင့်တက်နေသလို ကျေးရွာအတွင်းမှာ ကျောက်စိမ်းတူးဖော်ဖို့ ပြင်ဆင်မှုတွေရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားလာတာ ၇ နီးပါးကြာမြင့်လာနေသလို ကျောက်စိမ်း တူးဖော်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေဆဲ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းက ဝှေခါ ၊ တာမခံ ၊ ဆိပ်မူ စတဲ့ ကျေးရွာအုပ်စုတွေကို KIA+PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်တပ်က မှော်စီဇာကနေ ဖားကန့်မြို့အထိ ကျေးရွာတွေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...
April 4, 2026
မကွေးတိုင်းဒေသကြီး မြိုင် နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်ဒေသတွေဆီကို မတ်လ ၃၀ ရက်နေ့မှာ NUG...