AA ထိန်းချုပ်နယ်မြေများကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေ

AA ထိန်းချုပ်နယ်မြေများကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေ

AA ထိန်းချုပ်နယ်မြေများကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေ

ရခိုင်က မြို့နယ် ၁၄ ခုအထိ လက်လွှတ်ထားရသော စစ်ကောင်စီသည် လက်ကျန်မြို့များကို ကာကွယ်ရန်နှင့် ဆုံးရှုံးမြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရေး တန်ပြန်ထိုးစစ် အစီအစဉ်များကို ပြင်ဆင်နေကြောင်း ဒေသခံများနှင့် စစ်ရေးအကဲခတ်တို့က ပြောဆိုကြသည်။

စစ်ကောင်စီသည် ရခိုင်က လက်ကျန်မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့တွင် ရေကြောင်းကို အသုံးပြုကာ လိုအပ်သည့် လက်နက်ခဲယမ်းနှင့် စစ်ကူတပ်ဖွဲ့ဝင်များကို အတားအဆီးမရှိ ဖြည့်တင်းနေကြောင်း သိရသည်။

အလားတူ ပြည်မမှတစ်ဆင့် ဂွ-ငသိုင်းချောင်း၊ အမ်း-ပဒါန်းနှင့် တောင်ကုတ်-ပန်းတောင်း ကုန်းတွင်းလမ်းကြောင်း အပါအဝင် ကြည်း၊ ရေ၊ လေ အင်အားသုံး တန်ပြန်တိုက်ခိုက်မှုများပြုလုပ်ရန် စစ်ကောင်စီက ရည်ရွယ်ထားကြောင်း သုံးသပ်ကြသည်။

“စစ်တပ်ရဲ့ ကြီးကြီးမားမား ဦးတည်ရာက AA ကိုပဲ စိတ်ဝင်စားနေတဲ့အချိန်။ ပြီးရင် ရေတပ်ရော၊ လေတပ်မှာလည်း သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို တပ်တော်အလျင်အမြန် ဝင်ထားတာကို တွေ့ရတယ်။ စစ်တပ်က အဓိကလိုချင်တာကတော့ ရခိုင်တောင်ပိုင်းပဲ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။

ကျောက်ဖြူမြို့မှတစ်ဆင့် ရမ်းဗြဲကျွန်းကို ပြန်လည်ထိုးစစ်ဆင်ကာ ရခိုင်တောင်ပိုင်းဖြစ်သည့် အမ်း၊ တောင်ကုတ်နှင့် သံတွဲကို ဦးတည်သည့် စစ်ဆင်ရေးများ စစ်ကောင်စီက ပြုလုပ်လာနိုင်ခြေရှိကြောင်းလည်း စစ်ရေးအကဲခတ်တို့က ဆိုသည်။

ကျောက်ဖြူမြို့နယ်သည် တရုတ်စီမံကိန်းကြီးများရှိသောကြောင့် စစ်ကောင်စီအတွက် စီးပွားရေးနှင့် ဂုဏ်သိက္ခာပိုင်းအရ အရေးပါသောနေရာဖြစ်ပြီး လက်ရှိကျောက်ဖြူတိုက်ပွဲတွင် AA ဘက်က နောက်ဆုတ်ပေးနေရကာ စစ်ကောင်စီက မြို့နှင့် ၁၄ မိုင်ခန့်ထိ ရှေ့တိုးလာနေကြောင်း သိရသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီသည် စစ်တွေမြို့မှတစ်ဆင့် ပုဏ္ဏားကျွန်းကို တန်ပြန်ထိုးစစ်ပြုလုပ်ရန် ၎င်းတို့ဖျက်ဆီးထားသည့် မင်းချောင်းတံတားကို ပြင်ဆင်နေပြီး လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် တရွေ့ရွေ့ ရှေ့တိုးလာမည့်ပုံမြင်ရကြောင်း ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့နယ်ပတ်လည်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်များကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ ရှိနေခြင်းမှာ မြေပြင်ထိုးစစ်ပြုလုပ်ရန်အတွက် ခြိမ်းခြောက်ထားခြင်းဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်တို့က သုံးသပ်ကြသည်။

စစ်ကောင်စီက ပုဏ္ဏားကျွန်းကို ပြန်လည်သိမ်းပိုက်နိုင်ပါက အုပ်ချုပ်ရေးဗဟိုချက်ဖြစ်သော စစ်တွေမြို့၏ လုံခြုံရေးကို မြှင့်တင်နိုင်သည့်အပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် ရခိုင်မြောက်ပိုင်းကို စစ်ရေးအရထိန်းချုပ်ရန် အခွင့်အလမ်းများရှိနေကြောင်းလည်း သုံးသပ်နေကြသည်။

CDM ဗိုလ်ကြီးဇင်ယောက်က “ရခိုင်တောင်ပိုင်းကို လုပ်ရင်းနဲ့ မြောက်ပိုင်းမှာလည်း စစ်ရဲ့သဘောက နှစ်ဘက် ဟန်ချက်ညီအောင် လုပ်ကြတာပေါ့။ အဲဒီတော့ ရခိုင်တောင်းပိုင်းကို မရခဲ့ရင်တောင်မှပဲ ပုဏ္ဏားကျွန်းလောက်ထိ ရရင်ပေါ့နော် ဆက်ပြီးဟိုဘက်ကို တိုးမှာပေါ့” ဟု ပြောသည်။

လက်ရှိမှာ စစ်ကောင်စီသည် မောင်တောင်မြို့နယ်နှင့် သံတွဲမြို့နယ်ကတစ်ဆင့် ကမ်းကပ်တိုက်ပွဲလုပ်ရန် ရေတပ်သင်္ဘောများ ယခင်ကထက် လှည့်လည်သွားလာနေသည်ကို မြင်ရကြောင်းလည်း AA နှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အစီအစဉ်များမှာ အားသာချက်များရှိသော်လည်း AA က ကုန်းတွင်းပိုင်း ဆက်သွယ်မှုကို ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီအနေဖြင့် ရိက္ခာနှင့် အင်အားဖြည့်တင်းမှု ပြဿနာများကြောင့် အောင်ပွဲရရှိရန် ခက်ခဲမှုများရှိကြောင်းလည်း သုံးသပ်ကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အတွင်းရေးမှူးဟောင်း ကိုတိန်ဦးက “သူတို့ (စစ်ကောင်စီ)တွေ ထိုးစစ်ဆင်တာက ဆင်လို့ရပေမယ့် လွယ်လွယ်ကူကူနဲ့တော့ လောလောဆယ်မှာ သိမ်းနိုင်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာရက္ခတပ်တော်ဘက်ကလည်း မြေပြင်ကို စိုးမိုးထားတယ်။ အဲဒီမှာ တပ်အင်အားတွေ အများကြီးချထားတာ ရှိကောင်းရှိပါမယ်” ဟု ပြောသည်။

AA သည် ခုခံကာကွယ်ရန် အသင့်ရှိနေမှုအပါအဝင် လက်ရှိတွင် စစ်သည်အင်အား၊ ဒေသခံလူထု၏ ထောက်ခံမှုနှင့် စစ်ရေးအတွေ့အကြုံများအရ အသာစီးရနေသောကြောင့် စစ်ကောင်စီ၏ ထိုးစစ်ကို ခြေဖျက်နိုင်မည်ဟုလည်း သုံးသပ်မှုများရှိနေကြသည်။

လက်ရှိတွင် စစ်ကောင်စီသည် AA ထိန်းချုပ်ဒေသက စစ်ဘေးရှောင်နှင့် အရပ်သားနေထိုင်ရာ ကျေးရွာ၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်စခန်းများကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုအရေအတွက် တိုးလာနေသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...