မိုးကောင်းမှာ မူးယစ်ဆေးကို ပွဲဈေးတန်းသဖွယ် ရောင်းဝယ်သုံးစွဲနေကြပေမဲ့ အရေးယူဆောင်ရွက်တာမရှိ

မိုးကောင်းမှာ မူးယစ်ဆေးကို ပွဲဈေးတန်းသဖွယ် ရောင်းဝယ်သုံးစွဲနေကြပေမဲ့ အရေးယူဆောင်ရွက်တာမရှိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် ရောင်းဝယ် သုံးစွဲနေကြပေမဲ့ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ မိုးမြို့ခံတွေက ပြောပါတယ်။

အာဏာမသိမ်းခင်ကာလကထက် ရောင်းဝယ်သုံးစွဲမှုတွေ ပိုများလာတဲ့ မိုးကောင်းမြို့မှာ ဈေးတန်း ရောင်းဝယ်ရေးလို လွတ်လွတ်လပ်လပ် ရောင်းဝယ်သုံးစွဲနေကြသလို လူငယ်တွေ အများပိုင်း ပိုမိုသုံးစွဲလာကြတာကို မြင်တွေ့ရတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အခုက လမ်းဘေးမှာဆိုလည်း အပ်တန်းလန်းနဲ့ ထိုးနေတာ။ အများစုက အခုတကယ့်ထိုးတဲ့ အဆင့်မဟုတ်သေးပေမဲ့ လူငယ်တွေက ရာမတို့ ဖော်မြူလာ ဆိုတာမျိုးသောက်တာ ပိုများသွားတာ။ တကယ့် နံပါတ်ဖိုးကို စွဲတာမျိုး မဟုတ်သေးပေမဲ့ တချို့က ရာမကနေမှ တဆင့်ပြီးတဆင့် သွားတာထင်တယ်။” လို့ ဆိုပါတယ်။

မိုးကောင်းမြို့လယ်က ဈေးကုန်းရပ်ကွက်မှာ ပွဲသဖွယ် ရောင်းဝယ်သုံးစွဲနေကြတာဖြစ်ပြီး ဖမ်းဆီး အရေးယူမှုတွေလည်း မရှိသလို ရဲတွေကကို ဖုံးဖိပေးနေတဲ့အခြေအနေဖြစ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်ဆေးရုံနားက ဝက်ကုန်းဈေးတန်းမှာဆိုရင်လည်း ဈေးဖွင့်ချိန်ကလွဲပြီး ကျန်တဲ့ အချိန်တွေမှာ ဆေးထိုးအပ်တန်းလန်းနဲ့ သုံးစွဲနေကြတာလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေကို ရွာသစ်အပိုင်းဘက်မှာ ပိုမြင်တွေ့ရပြီး အသက် ၂၀ ဝန်းကျင် အရွယ်တွေလည်း ရာမသုံးစွဲမှုများလာတာ မြင်တွေ့ရတယ်လို့ မိုးကောင်းမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ရဲကလည်း မဖမ်းဆီးတဲ့အခါကျတော့ ပိုပြီးဆိုးလာတာပေါ့။ ဖမ်းဆီးတာလဲမရှိဘူး။ တချို့ဆို လမ်းမှာ ဆေးထိုးအပ်တွေ တန်းလန်းနဲ့ သွားနေတာတွေရှိတယ်။ တချို့ကျတော့လည်း လမ်းမှာ ပေါ်ပေါ်တင်တင် ရာမရှုတဲ့ဘူးတွေကိုင်ပြီး သွားတာလည်းတွေ့ရတယ်။ သူတို့ ပိုက်ဆံ ပေးထားတဲ့အခါကျတော့ ပြောမယ်ဆို သိသာသိ မမြင်စေနဲ့ပုံစံမျိုးနဲ့ လုပ်နေကြတာ။" လို့လည်း အထက်ပါအမျိုးသမီးက အခြေအနေကို ပြောပြပါတယ်။

ပေါ်တင်ရောင်းဝယ်သုံးစွဲနေကြပေမဲ့ အရေးယူမှုမရှိတဲ့ ရဲတွေဟာ မူးယစ်ဆေးဝါး ရောင်းသူတွေ ဆီကနေ ငွေကြေးရရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လူထုအခြေပြုမူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ (Pat Jasan)လည်း မဝင်နိုင်တော့တဲ့နောက် ပိုပြီးတော့ အခြေအနေဆိုးလာတယ်လို့လည်း ပြောပါတယ်။

အခုလို မူးယစ်ဆေးကို အလွယ်တကူရပြီးသုံးစွဲနေတဲ့ လူငယ်တွေများလာတာ မြင်တွေ့ရတဲ့အတွက် အတော်လေး စိတ်မကောင်းဖြစ်မိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုးကောင်မြို့တင်မကပါဘူး။ ကချင်ပြည်နယ်တစ်ခုလုံးမှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လုယက်မှု၊ ဓါးပြတိုက်မှုတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး အရေးယူဆောင်ရွက်မှုတွေ အားနည်းနေတာလည်း ဖြစ်ပါတယ်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...