လေးကေ့ကော်အနီးတိုက်ပွဲ အကျအဆုံးများနေသည့် စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေး တင်းမာနေဆဲ

လေးကေ့ကော်အနီးတိုက်ပွဲ အကျအဆုံးများနေသည့် စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေး တင်းမာနေဆဲ
Photo credit - ကျားနက်သစ်စစ်ကြောင်း
Photo credit - ကျားနက်သစ်စစ်ကြောင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်အုပ်စုက အထိအခိုက်အကျအဆုံးများနေသော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

စစ်အုပ်စုက တော်လှန်ရေးပူးပေါင်းတပ်များ နယ်မြေစိုးမိုးမှု ရယူထားသည့် လေးကေ့ကော်မြို့သစ်နှင့် ယင်းအနီးတဝိုက်ရှိ ရသေ့ဂူ၊ ကျော်ဝါးဘိုး၊ လေးကပါရေတံခွန်ကို အလုံးစုံ သိမ်းပိုက်ရရှိနိုင်ရေး ပြီးခဲ့သည့်လလယ်ခန့်က စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်အုပ်စုက အထိအခိုက်အကျဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားသော်လည်း ကရင်နယ်ခြားစောင့်တပ် BGF/KNA ကို အကူအညီရယူထားသည့် မြဝတီမြို့ တောင်ဘက်ရှိ ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေများတွင် တပ်စွဲထားပြီး နှစ်ဖက်စစ်ရေး တင်းမာနေဆဲ ဖြစ်ကြောင်း မြေပြင်ရဲဘော်တဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။

“ဆုတ်တော့ ဆုတ်သွားကြတယ်။ အထိနာသွားတော့လေ။ ဒါပေမယ့် ဆုတ်သွားတာက အပြီးဆုတ်သွားတာ မဟုတ်ဘူးလေ။ အဲဒီနားက စွယ်တော်ကုန်းတို့၊ BGF နယ်မြေမှာပဲ တပ်ပြန်ဆွဲထားတယ်။ ဆိုလိုတာက အချိန်မရွေး ပြန်ဝင်လာမှာပဲ။ တိုက်ပွဲက ထပ်ဖြစ်မှာ။ အခုတောင် လက်နက်ကြီးပစ်နေတာ ရှိနေတုန်းပဲလေ။ ပြီးတော့ အခြားနေရာမှာ တိုက်ပွဲဖြစ်နေတာပဲ” ဟု ပြောသည်။

လေးကေ့ကော်မြို့သစ်အနီး စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း၊ စနိုက်ဘာများဖြင့် ပစ်ခတ်မှုခြင်းကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များက အထိအခိုက်များစွာဖြင့် ပြန်လည် ဆုတ်ခွာခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း နိုဝင်ဘာလ ၂ ရက် ညပိုင်းမှာ ကျားသစ်နက် စစ်ကြောင်းက ဗီဒီယိုမှတ်တမ်းနှင့်တကွ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆုတ်ခွာခဲ့သည့်စစ်ကြောင်းသည် တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၉)တပ်ရင်း၊ မြဝတီအခြေစိုက် တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြပြီး တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်အုပ်စုက ဒရုန်း၊ လက်နက်ကြီး မစ်ဇိုင်း ပစ်ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

“သူတို့က အင်အားများတယ်။ နယ်မြေမကျွမ်းကျင်ဘူး။ ပြောနေကျစကားအတိုင်းပဲပေါ့။ နယ်မြေကျွမ်းကျင်မှုနဲ့ပဲ အသာစီးယူထားတယ်။ အခုလည်း ကျွန်တော်တို့ ဆင်ထားတဲ့ ဂွင်ထဲ ဝင်လာလို့ သူတို့ အထိနာသွားတာပေါ့။ တချက် ဆုတ်တယ်။ ဒီကောင်တွေက လူလိုမှ အသိစိတ်မရှိတော့တာ မူးယစ်ဆေးဝါးကျွေးထားတော့ ဘယ်လို ထိထိ ဂရုမစိုက်ဘူးဖြစ်နေတယ်” ဟု အထက်ပါရဲဘော်က ပြောသည်။

မြဝတီမြို့နှင့် ကော့ကရိတ်-အာရှလမ်းပိုင်းနေရာအချို့ကို ထိန်းချုပ်ပြီးပြီချင်းမှာပင် မြဝတီမြို့တောင်ပိုင်းဘက် လေးကေ့ကော်နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်နယ်မြေကို ပြန်လည်ရယူဖို့ ပြီးခဲ့သည့် စက်တင်ဘာလ တတိယအပတ်ကတည်းက ကြိုးစားနေသည့် စစ်အုပ်စုသည် အင်အား ထောင်ချီအသုံးပြုပြီး စစ်ကြောင်းထိုး နေခြင်း ဖြစ်သည်။

ယင်းနောက်စစ်အုပ်စုသည် နယ်မြေခံ ကရင်နယ်ခြားစောင့်တပ်အကူအညီရယူပြီး သာလွန်အင်အားများအပြင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးမစ်ဇိုင်းများ အလွန်အကျွံအသုံးပြုခဲ့သည့်အတွက် နယ်မြေအချို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

“အခုက စစ်တပ်က အမျိုးမျိုး ဝါဒဖြန့်နေတာပဲ၊ လေးကေ့ကော်ဆို သူတို့ ထိန်းချုပ်ထားပြီးလို့ ပြောတယ်၊ တကယ်တမ်း အဲဒီလိုမဟုတ်နေဘူး၊ နေရာအချို့ကို ထိန်းနိုင်တာလောက်ပဲ၊ စစ်တပ်က သာလွန်အင်အားနဲ့ အတင်းတိုးလာလို့ ဒီဘက်က တချက်ဆုတ်သွားတယ်၊ အဲဒီလောက်ပဲ၊ အားလုံးကို လက်လွှတ်လိုက်ရပြီး မဟုတ်သေးဘူးပေါ့၊ နေရာတိုင်းလိုလိုမှာက အဲဒီပုံစံပါ” ဟု ကရင်စစ်ရေးအခြေအနေ သိရှိသူတဦးက ပြောသည်။

လက်ရှိ အထိနာနေသည့် စစ်အုပ်စုသည် မြဝတီမြို့ဘက်မှတဆင့် မင်းလက်ပံ-ဖလူးလမ်းကြောင်းကို စစ်ကူများ ပို့ဆောင်ပေးနေပြီး စစ်ကူပေးလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ကရင်တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ ရှိနေသည်။

တလကျော်ကြာဖြစ်ပွားနေသည့် မြဝတီမြို့တောင်ဘက်တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေ သည့်အပြင် ထောင်ချီက ဘေးလွတ်ရာကို တိမ်းရှောင်နေရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အရာရှိများအပါအဝင် ရာချီသေဆုံးခဲ့သလို တော်လှန်ရေးဘက် လက်နက်ချအလင်းဝင်လာသည့်သူများလည်း ရှိနေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

စစ်အုပ်စုသည် မြဝတီမြို့နယ်အတွင်းရှိ လက်လွှတ်ထားသည်နယ်မြေများ စိုးမိုးနိုင်ရေး၊ ထိုင်း-မြန်မာနယ်စပ်ကို အလုံးစုံထိန်းချုပ်နိုင်ရေး၊ ရွေးကောက်ပွဲ အနှောက်အယှက်မရှိကျင်းပနိုင်ရေးအတွက် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...