မြဝတီတောင်ဘက် တကျော့ပြန် တိုက်ပွဲအပေါ် KNU ပြောခွင့်ရသူနှင့်တွေ့ဆုံ မေးမြန်းခြင်း
လက်ရှိ တကျော့ပြန် စစ်ရေးပြင်းထန်နေသည့် မြဝတီတောင်ပိုင်းက စစ်ရေးနောက်ဆုံးအခြေအနေ၊ ပြည်သူ့ စစ်မှုထမ်းများကို မူးယစ်စိတ်ကြွဆေးတိုက်ပြီး အတင်းတိုးခိုင်းမှု၊ ကရင့်လက်နက်ကိုင်အဖွဲ့အချို့၏ အကူအညီ ရယူမှုဖြင့် စစ်အုပ်စု စစ်ကြောင်းထိုးလာမှုအခြေအနေတို့နှင့်ပတ်သက်၍ ကေအဲန်ယူ (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ အခု တကျော့ပြန် စစ်ရေးပြင်းထန်နေတဲ့ မြဝတီတောင်ပိုင်းက စစ်ရေးနောက်ဆုံးအခြေအနေလေးကို ပြောပြနိုင်သလောက် ပြောပြပါအုံး။
ဖြေ ။ ။ နောက်ဆုံးအခြေအနေကတော့ ဒီစစ်ကော်မရှင်က သူတို့ရဲ့ ရည်မှန်းချက်ရှိတဲ့အတိုင်း ရှေ့တိုးပြီး ဆောင်ရွက်လာတာ ရှိတယ်။ ကျနော်တို့ဘက်ကလည်း ကိုယ့်ရဲ့နယ်မြေဒေသ ဘိုးဘွားပိုင်နယ်မြေကို ကာကွယ်ဖို့က ကျနော်တို့ရဲ့ တာဝန်ပေါ့နော်။ ဒါကြောင့် လောဆယ် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပြောလို့ ရတယ်။ တိုက်ပွဲကြီး မဟုတ်သည့်တိုင် ခုခံတဲ့ စစ်ပွဲပုံစံမျိုးနဲ့ ကျနော်တို့ လက်ရှိ ဆောင်ရွက်နေတာ ရှိတယ်။ ပြီးတော့မှ သူတို့ချီတက်လာတဲ့ လမ်းကြောင်း တစ်လျှောက်မှာ ပြောက်ကျားနဲ့ တိုက်ခိုက်နေတဲ့ အနေအထားတွေလည်း ရှိတယ်လို့ ပြောလို့ရ ပါတယ်။
မေး ။ ။ လေးကေကော်အပါအဝင် ဒီမြဝတီတောင်ပိုင်းဒေသကို စစ်သည်အင်အားအလုံးအရင်းနဲ့ စစ်တပ်ဘက်က ထိုး စစ်ဆင်တိုက်ခိုက်နေရတဲ့ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်က ဘာဖြစ်နိုင်လဲ။ ဒီဒေသက နှစ်ဖက်စလုံးအတွက် ဘယ်လောက်အရေးပါနေသလဲ။ ဘယ်လိုတွေ အရေးပါနေသလဲ။
ဖြေ ။ ။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ နားလည်ထားသလောက်ဆိုရင် ဆုံးရှုံးသွားတဲ့ နယ်မြေတွေ အားလုံးကိုအပြင် တနိုင်ငံလုံးကိုတောင်မှ ပြန်လည် သိမ်းပိုက်ချင်တာပေါ့နော်။ သို့သော်ငြားလည်း လတ်တလောရည်မှန်း ချက်လို့လည်း ပြောလို့ရတစ်ခုက သူတို့ရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက်ပေါ့နော်။ နိုင်ငံတကာမှာ ထွက်ပြီးတော့ အကူအညီတောင်းခဲ့တယ်။ စစ်ရေး စစ်လက်နက်ပစ္စည်းတွေ တောင်းခဲ့တယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ သူတို့က နယ်မြေရှင်းလင်းရမယ် အကြောင်းပြချက်နဲ့ နိုင်ငံတကာကို အကူအညီရယူခဲ့ကြတာပေါ့နော်။ ဒါကြောင့် တပြိုင်နက်ထဲ တချက်ခုတ် နှစ်ချက်ပြတ်ပုံစံနဲ့ သူတို့က ဆုံးရှုံးသွားတဲ့ နယ်မြေကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာလည်း ဖြစ်တယ်။ တဖက်ကလည်း သူတို့ပြောပြောနေတဲ့ ဂုဏ် သိက္ခာပေါ့နော်။ ကျနော်တို့ဘက် ဘက်ပြောင်းလာတယ်လို့ အရာရှိအဆင့်ရှိသူတွေ ပြောစကားအရဆိုရင် နိုင်ငံရေး ဂုဏ်သိက္ခာအရ သူတို့ကတော့ ပြန်လည် အဖတ်ဆယ်တဲ့အနေနဲ ဆောင်ရွက်တာလည်း ရှိတယ်။ နောက်တချက်က စီးပွားရေးပိုင်း၊ ကုန်သွယ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ သူတို့အများကြီး ထိခိုက် နစ်နာမှုရှိတယ်။ အဲဒါကြောင့် အဘက်ဘက်သော အခြေအနေတရားတွေကြောင့် သူတို့အတွက် အရမ်းကို အရေးကြီးပါတယ်။ ကျနော်တို့အတွက်လည်း ကိုယ့်ဘိုးဘွားပိုင်တဲ့ နယ်မြေဒေသကို ကာကွယ်ဖို့ အရေးကြီးတယ်ဆိုတာကို ပြောပြချင်ပါတယ်။
မေး ။ ။ မြေပြင်က ထွက်လာတဲ့ သတင်းတွေအရ ကေအဲန်ယူဘက်က တဖြည်းဖြည်းချင်း နေရာတွေ ဆုတ်ခွာ စွန့်ခွာပေးရတာတွေ ရှိလာတယ်ပြောတယ်။ ဘယ်လိုကြောင့်ပါလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ .... စစ်ရဲ့သဘောတရားကို ပြန်ကြည့်မယ်ဆိုရင် ဥပမာအားဖြင့် ကမ္ဘာမှာ တော်တော်လေး နာမည်ကြီး သမိုင်းဝင်ခဲ့တဲ့ စစ်ဘုရင်ကြီး နပိုလီယန်တောင်မှ စစ်တိုက်နေခိုက်မှာ နိုင်တခါ ရှုံးတလှည့် ရှေ့တိုး နောက်ဆုတ်ရတဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ရတာကိုလည်း ကျနော်တို့ လေ့လာသင်ယူခဲ့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့ အခြေအနေလည်းပဲ အမြဲတမ်းနိုင်မယ်လို့တော့ တထစ်ချ သတ်မှတ်ထားလို့မရဘူး။ တိုက်ပွဲဆိုတာ အနိုင်နဲ့အရှုံး ရင်ဆိုင်နေရမှာတော့ သေချာတယ်။ အခြေအနေကတော့ လတ်တလောမှာ ကျနော်တို့ဘက်က နည်နည်းလေး ဆုတ်ခွာရတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ တပ်မဟာ (၇) ခုလုံးမှာရှိတဲ့ နယ်မြေအနေအထားအရ ပြန်ကြည့် မယ်ဆိုရင် နည်းနည်လေးပဲ ပြောလို့ရတယ်ပေါ့နော်။ ဒါကြောင့် တိုက်ပွဲသဘောသဘာဝအရ ကျနော်တို့ ဒီအခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ပြောလို့ရပါတယ်။
မေး ။ ။ စစ်တပ်အလုံးအရင်းနဲ့ နယ်မြေထိုးစစ်ဆင်ရတဲ့ ရည်ရွယ်ချက် ခြုံငုံကြည့်လိုက်ရင် ၃ ချက် ဖြစ်တဲ့ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကုန်သွယ်ရေးပိုင်း ဆိုတဲ့ အနေအထားမှာ ကေအဲန်ယူအနေနဲ ဘယ်လောက်ထိ ပေးထားရပြီပြီလဲ ။ စစ်တပ်ဘက်က ဘယ်လောက်အခြေအနေ ရှိပြီလဲ။
ဖြေ ။ ။ သူတို့ဘက်က အဲ့လောက် အလုံးအရင်းနဲ့ ဆောင်ရွက်နေတဲ့ကြားက ကျနော်တို့ တနိုင်ငံလုံး အတိုင်း အတာအရသော်လည်းကောင်း၊ ကော်သူးလေနယ်မြေအရသော်လည်းကောင်း ကြည့် လိုက်မယ်ဆိုရင် ဘာမှတော့ အဲ့လောက်ထိ ကြီးကြီးကျယ်ကျယ်မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့်လည်း စစ်လော်ဘီတွေရဲ့ သတင်း မီဒီယာကနေ ကြီးကြီးကျယ်ကျယ်ရေးသားထားတာတွေပဲ ရှိပါတယ်။ တကယ့် မြေပြင်နေရာမှာတော့ အဲ့လောက်ကြီးလည်း မဟုတ်ဘူး။ အားလုံး အဆင်ပြေပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ဘဝက လွတ်မြောက်ရေးဆိုတဲ့ ဆောင်ရွက်ချက်မှာ ကျနော်တို့ အများကြီး ဆက်လက်ဆောင်ရွက်နိုင်သေးတယ်။ အခွင့်အလမ်းတွေ နယ်မြေတွေအရ ပြည်သူရဲ့ ထောက်ခံမှုတွေ အများကြီး ရှိနေပါသေးတယ်ဆိုတာ သိရှိရပါတယ်။
မေး ။ ။ တပ်မဟာ ၆ နှင့် ၇ ဘက်မှာ PDF နဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်တာတွေ ရှိတယ်။ စစ်တပ်ရဲ့ ဝါဒဖြန့်တွေဘက်ကနေ သွေးထိုးလှုံ့ဆော်မှု တက်လာတာတွေ ရှိတယ်။ အဲဒီမှာ PDF တွေက မညီ မညွတ်ဖြစ်ကြတာရှိတယ်။ ကေအဲန်ယူကနေ ဖိနှိပ်တာတွေကြောင့် ထွက်ပြေးနေရတာတွေ ရှိယ်ဆိုပြီး အမြဲပြောနေကြတာရှိတယ်။ ဒီအပေါ်မှာ ဘာပြောချင်သလဲ။
ဖြေ ။ ။ ဒါကတော့ ဝါဒဖြန့်သက်သက်အရပေါ့နော်။ ကျနော်တို့လည်း ကြားရပါတယ်။ တကယ့် မြေပြင်မှာတော့ ဆန့်ကျင်ဘက်ကြီး ဖြစ်နေတာပေါ့နော်။ သို့သော်လည်း အခုလက်ရှိ စစ်တိုက်နေတဲ့ ကျနော်တို့လူတွေ ရဲဘော်တွေအားလုံးဟာ နိုင်ငံရေးခံယူချက် စစ်ရေးခံယူချက် အနေအထားတွေအားလုံး စုပေါင်းပြီး ပါဝင်နေကြတယ်။ ဒီအနေအထားအရ အစုအဖွဲ့ ၃ ဖွဲ့ကနေပြီး ဒါကအနည်းဆုံး ပုံစံ ၃ မျိုးနဲ့ ထွက်လာတဲ့အပေါ်မှာ ခံယူချက်အရ လေးနက်မှု အားနည်းတဲ့လူတွေကတော့ ဖြစ်သွားနိုင်တယ်ပေါ့နော်။ မညီမညွတ်ဘူး ရန်ဖြစ်တယ်၊ ကျနော်တို့ မောင်းထုတ်တယ်ဆိုတာက ဒါကတော့ ဝါဒဖြန့်သက်သက်ပဲ ဖြစ်တယ်။
အဓိကကတော့ လက်ရှိအနေအထားမှာ ကျန်နေတဲ့ ယနေ့အချိန်ထိ တိုက်ပွဲဆက်ဝင်နေတဲ့ ကျနော်တို့ PDF လူငယ်တွေရဲ့ စိတ်ဓာတ်ကို ကျနော်တို့ သိရှိယုံကြည်ထားပြီးသားပဲ ဖြစ်ပါတယ်။
မေး ။ ။ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာတဲ့ သတင်းတွေအရ လေးကေကော်ကနေ စဖြစ်တဲ့ တိုက်ပွဲတွေမှာဆို စစ်တပ်ဘက်က ပစ လို့ခေါ်တဲ့ ပြည်သူ့စစ်တွေကို မူးယစ်စိတ်ကြွဆေးတွေတိုက်ပြီး အတင်းတိုးခိုင်းတယ်လို့ သိရတယ်။ တကယ့် မြေပြင်အခြေအနေက ဘယ်လိုရှိနေလဲ။
ဖြေ ။ ။ ဒီဘက် စစ်မြေပြင်အနေအထားဆိုတာထက် ကျနော်တို့ ကော်သူးလေနယ်မြေက စစ်မျက်နှာတွေအားလုံးက အဲ့လိုပြည်သူ့စစ်မှုထမ်းကနေ သင်တန်းဆင်းသွားတဲ့ လူတွေ အများကြီးပါလာတယ်ဆိုတာက သေချာတယ်။ သူတို့ဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအရ စစ်တပ်ထဲ စစ်သားလုပ်ချင်စိတ်ဆိုတဲ့အရာက ရှိတာ မဟုတ်ပါဘူး။ အတင်းအဓမ္မပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေတွေကြောင့် သူတို့ပါ လာတာကိုတော့ ကျနော်တို့ တွေ့ရတယ်။ အဲဒီလူတွေကလည် ကျနော်တို့ အများအပြား တွေ့ရတယ်။ သူတို့ရဲ့ ထိခိုက်ကျဆုံးမှုထဲမှာ ဒီလူတွေ အများဆုံးဆိုတာ ပြောလို့ရတယ်။
မေး ။ ။ မြေပြင်သတင်းအရင်းအမြစ်တွေအရ ပစ အလောင်းတွေ ပုံနေတယ်လို့ ပြောကြတယ်။ ဒီလို ပစတွေကို သုံးပြီး အသေခံ တိုက်ခိုင်းနေတဲ့အပေါ်မှာကော ကေအဲန်ယူအနေနဲ့ ဘယ်လို ပြောချင်လဲ။
ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပထမဦးဆုံး ပြောချင်တာက စစ်အာဏာရှင်တစ်စုက သူတို့ရဲ့ အာဏာ လက်မ လွှတ်ရရေးဆိုတဲ့ သူတို့ရဲ့ဆောင်ရွက်ချက် ဖြစ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့စစ်သား တွေရဲ့ စိတ်ဓာတ်ရေးရာတွေ အင်မတန်ကိုမှ ထိခိုက်သွားတယ်။ နောက်တော့ ဂုဏ်သိက္ခာလည်း လုံးဝကျရှုံးသွားတယ်။ ပြည်သူရှေ့မှာရော နိုင်ငံတကာမျက်နှာစာမှာရော ဂုဏ်သိက္ခာတွေ ကျတယ်ပေါ့နော်။ အဲဒီအပေါ်မှာ သူတို့တိုက်ရည်ခိုက်ရည် ကျဆင်းပြီး ကျဆုံးမှုများလာတယ်။ နောက်ဆုံး သူတို့ရဲ့ အာဏာကို ထိခိုက်လာမယ့် အနေအထားထိ သူတို့ပြန်တွေ့ရှိလာတဲ့အပေါ်မှာ ဒီပြည်သူ့ စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မ ထုတ်ပြန်လိုက်တယ်။ ဆိုတော့ အဲဒီစုဆောင်းခံရ တဲ့လူတွေအပေါ်မှာ သူတို့ရဲ့ သဘောထား သူတို့ရဲ့ အာဏာကို ကာကွယ်ဖို့ပဲ။ သူတို့ရဲ့ စည်းစိမ်ချမ်းသာမှုနဲ့ သူတို့ရဲ့ ထိုင်ခုံ ကာကွယ်ဖို့အတွက် သက်သက်ကို ရည်ရွယ်တာပဲ ဖြစ်တယ်။ ဒီလူငယ်တွေရဲ့ ထိခိုက်ကျဆုံးမှုကို သူတို့အလေးထားတာလည်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရှေ့တန်းမှာ ထိခိုက်ပြီးကျသွားတဲ့ သူတို့ရဲ့ ရဲဘော်တွေ အလောင်းတောင် ပြန်လာမဆွဲယူဘူး။ ဒီအတိုင်း ပစ်ချန်ခဲ့တာ။ လူကို လူလိုမမြင်ဘူးပေါ့နော်။ သူတို့ အာဏာတည်မြဲဖို့လောက်ပဲ စဥ်းစားတဲ့လုပ်ရပ်ပဲ ဖြစ်တယ်။
ကျနော်တို့ဘက်က တပ်ဖွဲ့ဝင်တွေက အလောင်းတွေကို ပြန်လာယူဖို့တောင်မှ ပြောခဲ့ရတဲ့ အနေအထားမျိုးမှာ ဖြစ်တယ်။ လူကို လူလိုမစဥ်းစားတဲ့ လူတွေက အဲဒီလိုမျိုး အခြေအနေရှိ နေရက်သားနဲ့ သိနေရဲ့သားနဲ့ ဒီပြည်သူ့စစ်မှုထမ်းတွေကို လူနဲ့မတန်တဲ့ ခိုင်းစေမှုမျိုးတွေ လုပ်နေတယ်ဆိုတာ ကျနော်တို့ အတိအကျ ပြောလို့ ရတယ်။
မေး ။ ။ ဒီလိုစစ်တပ်ဘက်က စစ်ကြောင်းထိုးတဲ့အပေါ်မှာ တခြား ကရင့်လက်နက်ကိုင်တွေရဲ့ အကူအညီကို ရယူတာမျိုးလည်း ကြားသိရတယ်။ ဒီအပေါ်မှာကော ဘယ်လို မှတ်ချက်ပြုချင်လဲ။
ဖြေ ။ ။ ဒီကိစ္စက စစ်မြေပြင်ထဲမှာ ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ မြင်တာက ဒီကရင့် လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို နည်းနည်းပြန်ပြီး ပြောဖို့ လိုတာပေါ့နော်။ ၁၉၉၄ ၊ ၁၉၉၅ မာနယ်ပလောမှာ ဖြစ်ခဲ့တဲ့ DKBA နဲ့ KNU အကွဲအပြဲကိစ္စ အဲဒီ ကနေတဆင့် ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းတွေကလည်းပဲ စစ်အုပ်စုဘက်က သွေးထိုးလှုံ့ဆော်လို့ ကျနော်တို့ တပ်လျှိုသွေးခွဲတဲ့လုပ်ငန်းစဥ်တွေ ထွက်ပေါ်လာတယ်။ ပြီးမှ DKBA ကနေတဆင့် BGF တွေ ကွဲထွက်သွားတယ်ပေါ့။ KNU/KNLA -PC ဆိုရင်လည်း အဲ့လိုပဲ။ ၂၀၀၇ လောက်မှာ ကွဲထွက်သွားတယ်။ ပြောချင်တာက ထွက်သွားတဲ့အကြောင်းရင်းက စစ်အုပ်စုဘက်က သပ်လျှိုသွေးခွဲလို့ ဖြစ်လာ တယ်ဆိုတော့ သူတို့ရဲ့ဘဝ ဘယ်လို အသက်ရှင်ရပ်တည်နေနိုင်မလဲဆိုတဲ့အရာက စစ်အုပ်စုအပေါ်မှာပဲ မူတည်တော့တယ်။
အဲလိုဆိုတော့ အမျိုးကို ချစ်တဲ့စိတ် ပြန်ရှိလာခဲ့မယ်ဆိုရင်လည်း သူတို့ရဲ့အနောက်မှာ ကြိုးဆွဲပြီး လမ်းညွှန် ပေးမှုတွေ ဖိအားပေးမှုတွေ ရှိတဲ့အပေါ်မှာ ဒီလိုမျိုးရှိနေရတယ်လို့ပဲ ကျနော်တို့ မှတ်ချက်ပေးလိုပါတယ်။
မေး ။ ။ ဒါ့အပြင် စစ်အုပ်စုရွေးကောက်ပွဲကူညီပေးသွားမယ်ဆိုပြီး ပြောသွားတာရှိသလို စစ်ရေးဘက်မှာလည်း တစ်ပိုင်းကူညီနေတာ ရှိတဲ့အခါကျတော့ ကွဲထွက်ပြီးသား ကရင့်လက်နက်ကိုင်တွေက ပြန်ပေါင်းစည်းဖို့ လုပ်နေရတဲ့ကာလအတွင်း ကြားထဲပွတ်တိုက်မှုတွေ ဘယ်လောက်ထိ ရှိနေလဲ။ ကေအဲန်ယူဘက် ကကော ပွတ်တိုက်မှုမရှိအောင် ဘယ်လောက်ထိ ထိန်းထိန်းသိမ်းသိမ်းလုပ်နေရလဲ။
ဖြေ ။၊ ။ ကျနော်တို့ဘက်က နားလည်ထားပေးတာက စောစောကပြောတဲ့ သူတို့ရဲ့အနောက်မှာကတော့ စစ်အုပ်စုကနေ ကြိုးကိုင်ထားတယ်။ ဖိအားတွေလည်း ပေးတယ်။ အဲဒီဖိအားကို ယနေ့အချိန်ထိ သူတို့မှာ မလွန် ဆန်နိုင်ဘူး။ ဒါကြောင့် အခုသုံးဖွဲ့လုပ်လိုက်တဲ့ ကိစ္စကတော့ ကျနော်တို့ KNUနဲ့ သွားမယ့် နိုင်ငံရေး လမ်းစဥ်ကတော့ ဆန့်ကျင်ဘက်ဖြစ်တယ်။
ဒါပေမယ့်လည်း အဲဒီကိစ္စဟာ စစ်အုပ်စုရဲ့ အကြံပြုမှုလို့ပဲ ကျနော်တို့ နားလည်ထားတယ်။ နောက်ဆုံး တနေ့မှာ အမျိုးသားစိတ်ဓာတ်အရ သူတို့မှာ တကယ်လွတ်မြောက်လိုစိတ် အာဏာရှင်လက်အောက်က လွတ်မြောက် လိုချင်တဲ့ စိတ်က ယနေ့အချိန်ထိ မပြင်းထန်သေးဘူး။ တိတိကျကျလည်း မရှိသေးဘူးလို့ ပြောလို့ရတယ်။
လွတ်မြောက်ချင်စိတ်ရှိတဲ့ တနေ့ကျရင် တမျိုးတဖုံတော့ ပြောင်းလဲလာလိမ့်မယ်။ ကျနော်တို့ ကရင်အမျိုး သားအချင်းချင်း ပဋိပက္ခဖြစ်ဖို့ဆိုတာက KNU မှာလည်း သဘောထားမရှိပါဘူးလို့ ထပ်ပြီး ပြောချင်ပါတယ်။
မေး ။ ။ အရင်တုန်းက ကေအဲန်ယူထဲက လက်နက်ကိုင်လေးဖွဲ့ လုပ်မည့် ညီညွတ်ရေး ကော်မတီအဖွဲ့ ဖွဲ့ခဲ့ တာရှိတယ်။ အဲဒီမှာ ကေအဲန်ယူပါတယ်။ သူတို့ KNA အဖွဲ့ဖွဲ့မယ့်ထဲမှာကျတော့ ကေအဲန်ယူ မပါ တော့ဘူး။ ကေအဲန်ယူကို ဘေးဖယ်ချင်တာမျိုးလား။ ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ ။ ။ ကျနော်စောစောက ပြောသလိုပါပဲ။ ဒီအစီအစဥ် ဖြစ်လာတာက စစ်အုပ်စုရဲ့ ဖိအားပေးလိုက်လို့ ဖြစ်တဲ့အပေါ်မှာ KNU ပါဝင်လို့ မရဘူးပေါ့နော်။ ပါမယ်ဆိုရင် မိခင်ကေအဲန်ယူအစည်းအရုံးက သွားမယ့် နိုင်ငံလမ်းကြောင်း ပုံစံမျိုး ဖြစ်မနေဘူး။ တနိုင်လုံး ကရင်တမျိုးသားလုံးနဲ့ အကျုံးဝင်တဲ့ အနေအထားမျိုးကိုပဲ ကျနော်တို့အနေနဲ့ လိုချင်တာ။ ဒီနယ်မြေလေးတစ်ကွက်နှစ်ကွက်နဲ့ ဒီလိုပုံစုံမျိုးနဲ့ကျတော့ ကရင် တမျိုးသားလုံးအတွက် အဆင်မပြေပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ကရင်တမျိုးသားလုံး လွတ်မြောက်ဖို့အပြင် ကျန်တဲ့ဖိနှိပ်ခံရတဲ့ လူမျိုးပေါင်းစုံအားလုံးလည်း လွတ်မြောက်ရမယ်ဆိုတဲ့ နိုင်ငံရေးသန္ဓိဌာန်လည်း ရှိထားတဲ့အတွက် မတူဘူးပေါ့နော်။ ဒါကြောင့်မို့ KNUကို သူတို့ချန်ထားပြီးတော့မှ သွားဖို့ကို စစ်အုပ်စုရဲ့ အကြံပေးမှုလို့ မြင်ပါတယ်။
မေး ။ ။ တိုက်ပွဲကြား စစ်ရှောင်တွေ ဒေသခံတွေလည်း ပတ်မိတာ လူသားဒိုင်းသဖွယ် စစ်တပ်နဲ့ BGF ဘက်က အကာအကွယ် လုပ်နေတာလည်း ကြားမိတယ်။ အဲဒီအခြေအနေတွေကို ဘယ်လို သိရှိထားပါသလဲ။
ဖြေ ။ ။ အသေးစိတ်အချက်အလက်တော့ ကျနော်တို့ မကြားရဘူး။ ဒါပေမယ့် ပြန်ပြီးလေ့လာမယ်ဆိုရင် ဒီစစ်အုပ်စုဘက်က လူသားဒိုင်းဆိုတဲ့လက်နက်ကို သူတို့အသုံးပြုနေတာ ကြာလှပါပြီ။ ယနေ့အချိန်မှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ကျနော်တဲ့ ငယ်ငယ်လေးကတည်းက တိုက်ပွဲတွေ ပြင်းထန်လာတိုင်းမှာ အဲဒီလူ သားဒိုင်းဆိုတဲ့လက်နက်ကို ထုတ်သုံးလာခဲ့တယ်။ အဲဒီအချိန်တုန်းက သတင်းမီဒီယာ အားကောင်းမှု မရှိသေးတဲ့အချိန် ဖြစ်နေတာရယ် သူတို့လည်း များများစားစား သိပ်မလုပ်ဖြစ်သေးတာရယ်လည်း ပါတယ်ပေါ့နော်။ ၈၈ နောက်ပိုင်းမှာမှ ဒီလူသားဒိုင်းဆိုတဲ့လက်နက်ကို ပိုပြီးပိုပြီး သုံးလာတာကို တွေ့ရတယ်။ လူသားဒိုင်းကို အသုံးပြုသလို အခုချိန်မှာ ကျနော်တို့ အားလုံးသိရှိနေတဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားနေတဲ့ တိုက်ခိုက်မှုမျိုးတွေ ပိုပြီး လုပ်လာတယ်။ ဒီအရာတွေဟာ လူသားဆန်မှုနဲ့ ကျနော်တို့ စဥ်းစားမယ်ဆိုရင် လုံးဝ ဆန့်ကျင်ပြီးသား ဖြစ်တယ်။ အင်မတန်မှ ဆိုးဝါးတဲ့ ဥပဒေကို ချိုးဖောက်တယ်ဆိုတာပဲ နားလည်ထားတယ်။ ဒီဒေသမှာမက တနိုင်ငံလုံးမှာ လူသားဒိုင်းဆိုတဲ့ အဲဒီလက်နက်ကို သူတို့ ဆက်ပြီး သုံးနေအုံးမယ်ဆိုတာ ကျနော်တို့ အတပ်ပြောလို့ ရပါတယ်။
မေး ။ ။ နောက်ဆုံး ဘာများ ဖြည့်စွက်ပြောလိုပါသေးလဲ။
ဖြေ ။ ။ ယနေ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ ပြည်သူ့စစ်မှုထမ်းအဖွဲ့တွေက အင်မတန်ကိုမှ စစ်အာဏာရှင်ကို ကာကွယ်နေရတဲ့ သားကောင်လို ဖြစ်နေတယ်။ ပြည်သူ့စစ်မှုထမ်းတွေ ပါဝင်ပတ်သက်မှု ပစ်မှတ်ထားခံရမှု ဖြစ်လာပြီဆိုရင် သတိကြီးကြီးနဲ့ ဖြစ်နိုင်ရင် ရှောင်ဖို့လည်း လိုတယ်။ တိုက်ပွဲဆိုတာက လူရွေးပြီးတော့ ချေမှုန်းရတဲ့အရာ မရှိဘူး။ ဒါကြောင့်မို့ လူသားချင်းပီပီ ဒီအရာတွေကို ပြည်သူ့စစ်မှုထမ်းပုံစံမျိုးနဲ့ စစ်ကော်မရှင်ဘက်က အသုံးပြု တယ်ဆိုတာ အင်မတန်ကိုမှ လူသားမဆန်တာ ဖြစ်တယ်။ ကျနော်တို့ဘက်က ဒါကို အကြံပဲပေးလို့ ရမယ်။ ဖြစ်နိုင်ရင်တော့ အကောင်းဆုံး ရှောင်ရှားဖို့က လိုအပ်တယ်။ အဲဒီအတွက် ကျနော်တို့လည်း ထပ်ခါတလဲလဲ အသိပေးထားပါတယ်။







