ဗန်းမောက်မြို့နယ်ထဲက စစ်ရှောင်တချို့ နေရပ်ပြန် လယ်ယာရိတ်သိမ်းနေ

ဗန်းမောက်မြို့နယ်ထဲက စစ်ရှောင်တချို့ နေရပ်ပြန် လယ်ယာရိတ်သိမ်းနေ
Photo credit - ShanNi Voice
Photo credit - ShanNi Voice

ဗန်းမောက်မြို့နယ် အနောက်ဘက်ဒေသကို စစ်ဘေးတိမ်းရှောင်သွားကြတဲ့ ခိုပြင်ကျေးရွာနဲ့ ညောင်သာယာ ကျေးရွာက ဒေသခံတွေဟာ စိုက်ပျိုးထားတဲ့ လယ်ယာတွေကို ရိတ်သိမ်းဖို့ နေရပ်ပြန်သွားကြတယ်လို့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသရှိ မံအင်မင်းကုန်းကျေးရွာအုပ်စုမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ခိုပြင်နဲ့ ညောင်သာယာက ဒေသခံ ၁၀၀ ကျော်က အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာ နေရပ်ပြန်ပို့ပေးလိုက်တာ ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူထံကနေ သိရပါတယ်။

“အေးသူတို့တွေလည်း စပါးကရင့်နေပြီဆိုတော့ ပြန်ရိတ်ချင်ကြတယ်တဲ့ အဲ့တာနဲ့ပဲ သူတို့ကို ပို့ပေးလိုက်တော့တာ။ လူကတော့ စပါးရိတ်နိုင်တဲ့ သန်မာတဲ့ ယောကျာ်းလေး မိန်းကလေး ၁၀၀ နီးပါးလောက် ပါသွားတယ်။ ကားကတော့ SNA ၆၁၄ ကပဲ စီစဉ်ပေးလိုက်တာ” လို့ သူက ပြောပါတယ်။

ခိုပြင်နဲ့ ညောင်သာယာကျေးရွာတွေမှာ အောက်တိုဘာလဆန်းပိုင်းကတည်းကစလို့ SNA က ပြန်လည် ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေက နေရပ်ကိုပြန်သွားချိန်မှာ မိုင်းအန္တရာယ်ကိုတော့ သတိထားနေကြရအုံးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ခိုပြင်၊ ညောင်သာယာမှ ဒေသခံ ၁၅၀ ကျော်ဟာ ရှမ်းနီအမျိုးသားများတပ်မတော် SNA ထိန်းချုပ်တဲ့ မံအင်မင်းကုန်းအုပ်စု အနောက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ အောက်တိုဘာလ အစမှာ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။

ဗန်းမောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်တွေဟာ တိုးများလာနေဆဲ ဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ဗန်းမောက်မြို့နဲ့ သုံးမိုင်ဝန်းကျင်အကွာက ကျေးရွာဒေသခံတွေဟာ စစ်ဘေးရှောင်စခန်းတွေဆီကို တိမ်းရှောင်ကြသလို တချို့လည်း တောတောင်ထဲ တိမ်းရှောင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။

စက်တင်ဘာလဝက်ကတည်းက တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ တစ်လပြည့်လာတဲ့အခါမှာ ဆေးဝါးနဲ့ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...