ပအို့ဝ် တောင်သူများ ကြွေးနွံနစ်နေ

ပအို့ဝ် တောင်သူများ ကြွေးနွံနစ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်ထဲက တောင်သူများ စီးပွားရေး အကျပ်အတည်းနှင့် ကြွေးနွံနစ်နေသည်ဟု ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။

ပင်လောင်းမြို့နယ်ရှိ စိုက်ပျိုးတောင်သူများသည် စစ်ရေးပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ သီးနှံ ဈေးကွက်ပျက်ခြင်းနှင့် လက်နက်ကိုင် အဖွဲ့များ၏ မတန်တဆ အခွန်ကောက်ခံမှု များကြောင့် ကြီးမားသော ကြွေးမြီပြဿနာများ နှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

လက်ရှိ အခြေအနေအရ စိုက်ပျိုးသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်ရန် ခက်ခဲလာခြင်းကြောင့် တောင်သူ အများစုမှာ ချေးငွေများကို ပြန်လည် မပေးဆပ်နိုင်ဘဲ ကြွေးနွံနစ်နေရခြင်း ဖြစ်သည်။

ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသရှိ စိုက်ပျိုးတောင်သူ တစ်ဦးက “မစိုက်ခင် ပွဲစားတွေက ငွေကြိုချပြီး သီးနှံ ထွက်တော့မှ အကုန်သိမ်းကြတာ။ အခု သီးနှံက မထွက်တော့ မပေးနိုင်ကြဘူး။ တောင်သူတိုင်း အကြွေး မကင်း ပါဘူး။ တချို့ ပွဲစားတွေက စောင့်ပေးကြတယ်။ မစောင့်နိုင်ဘူးတဲ့သူတွေတော့ ချေးငှားပြီးပေးကြတာပေါ့။ တောင်သူတိုင်း အကြွေး မကင်းပါဘူး” ဟု ၎င်းတို့ ရင်ဆိုင်နေရသည့် လက်ရှိ အခက်အခဲကို ရှင်းပြခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း ပင်လောင်းဒေသတွင် စိုက်ပျိုးသော သီးနှံများ အရှုံးပေါ်ရသည့် အဓိက အကြောင်းရင်းများမှာ နည်းပညာနှင့် ပိုးသတ်ဆေးပြဿနာများ ဖြစ်ပေါ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြင်ပဈေးကွက်သို့ တင်ပို့မရဘဲ ဒေသတွင်း၌သာ ဈေးနှိမ်ရောင်းချရခြင်းနှင့် ပြည်ပဈေးကွက် ပိတ်ထားခြင်းတို့ ဖြစ်သည်။

ဤကဲ့သို့ စိုက်ပျိုးရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများအပြင် ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့ သည် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ဒေသခံတောင်သူများအပေါ် မတန်တဆ ငွေကြေးများ ကောက်ခံခြင်းကြောင့် စီးပွားရေး အကျပ်အတည်းမှာ ပိုမိုဆိုးရွာလာခဲ့သည်ဟု ဆိုသည်။

PNO အဖွဲ့ သည် တောင်သူများထံမှ ကင်းစောင့်ကြေး အဖြစ် တစ်ရက် လေးသောင်းကျပ် နှုန်းဖြင့် တစ်နှစ်လျှင် နှစ်ကြိမ်နှုန်း ကောက်ခံလေ့ရှိသည်။ 

ထို့အပြင် ယာဉ်ခွန်၊ စစ်မှုထမ်း လူစားထိုးကြေး နှင့် စစ်အသုံးစရိတ်များကိုလည်း မကြာခဏ အကြောင်း အမျိုးမျိုးပြ၍ ကောက်ခံနေခြင်းကြောင့် ဒေသခံများမှာ ဝန်ထုပ်ဝန်ပိုး ကြီးစွာ ခံစားနေကြရကြောင်း ဒေသခံများက ထောက်ပြသည်။

ပင်လောင်းမြို့နယ်ရှိ ပွဲရုံလုပ်ငန်းရှင် တစ်ဦးကလည်း “အရင်နှစ် မိုးစပါးတောင် ပိုက်ဆံမရှိလို့ အကုန် မစိုက်နိုင် ပါဘူး။ PNO ‌ကောက်ရင်တော့ ဘာနေနေ ထည့်ရတယ်။ W(လိုင်စင်မဲ့)တွေ၊ ထွန်စက်တွေလည်း ထည့်ရတယ်။ အခုက ခြံပိုင်ရှင်ရော အလုပ်သမားရော ဘဝတူတွေပါပဲ။ ပိုင်ရှင်တွေက ခြံရောင်းလို့ သူများခြံ ပြန်သွား လုပ် နေရတယ်” ဟု ၎င်းတို့၏ စီးပွားရေး နာလန်မထူနိုင်ပုံ ကို ရှင်းပြသည်။

အကျပ်အတည်းများကြားတွင် စစ်ကော်မရှင်ဘက်မှလည်း ၂၀၂၃ ခုနှစ်မှ စတင်၍ စိုက်ပျိုးရေးသုံး ချေးငွေများ ထပ်မံထုတ်ပေးခြင်း မရှိတော့သဖြင့် တောင်သူများသည် အတိုးနှုန်းများသည့် ပြင်ပငွေချေးငွေများ ကိုသာ အားကိုးခဲ့ကြရသည်။

အတိုးပေါ် အတိုးဆင့်သည့် ဒဏ်ကြောင့် တောင်သူများသည် ၎င်းတို့ ပိုင်ဆိုင်သည့် ခြံမြေများကို ဈေးနှိမ်၍ ရောင်းချရခြင်း၊ လက်ဝတ်လက်စားများ ပေါင်နှံရောင်းချရခြင်း စသည့် နည်းလမ်းများဖြင့်သာ ကြွေးမြီများကို ဖြေရှင်းနေကြရသည်။

ဤသို့ဖြင့် ပင်လောင်းဒေသရှိ ကျေးရွာများတွင် ကြွေးမြီပြဿနာ ဖြေရှင်းရန်အတွက် အမျိုးသားများသည် အခြားမြို့ရွာများ၊ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြရပြီး သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများသာ အများစု ကျန်ရှိတော့သည် ဟု ဒေသခံ တောင်သူများက ဆိုသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...