ကျိုက်မရောဒေသတွင် စစ်ကော်မရှင်က တပ်အင်အားဖြည့်တင်းပြီး လုံခြုံရေးတိုးမြှင့်ထား

ကျိုက်မရောဒေသတွင် စစ်ကော်မရှင်က တပ်အင်အားဖြည့်တင်းပြီး လုံခြုံရေးတိုးမြှင့်ထား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဘွီးကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက်ရှိ ရွာများကို စစ်ကော်မရှင်က  တပ်အင်အား တိုးချဲ့ထားပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း ကျိုက်မရော ဒေသခံများထံမှ သိရသည်။

ဒေသခံများအဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ မော်လမြိုင်မြို့အခြေစိုက် စစ်ကော်မရှင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်အင်အား ၂၀၀ ကျော်ပါဝင်သော ယာဉ်တန်းများ ကျိုက်မရောမြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အဆိုပါ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် ကျိုက်မရောမြို့နယ် အတ္တရံမြစ်အနီးရှိ ကျုံဝမ်း၊ ကျိုက်ပရံအပါအဝင် ကော့ဘွီးကျေးရွာအုပ်စုရှိ ရွာများအတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားပြီး လုံခြုံရေးတင်းကြပ်ကာ နေအိမ်များအထိ ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“စစ်တပ်က ကျွန်းကုန်းရွာမှာ အရင်ဆင်းတယ်။ ပြီးရင် အလှပ်ကုန်းရွာဘက်ကို ရောက်လာပြီး တပ်စွဲတယ်။ နေအိမ်တွေကိုလည်း လိုက်စစ်နေတယ်။ ရွာသူ ရွာသားတွေကို ညပိုင်း အပြင်ထွက်ခွင့် ပိတ်လိုက်တယ်။ အဲဒါကို ခြံသမား ၄ ဦးက မသိဘဲ ညနေပိုင်း မိုးချုပ်မှ ပြန်လာတယ်။ ဒါကြောင့် စစ်တပ်က ခြံသမားတွေကို ဖမ်းပြီး ရိုက်နှက်တယ်။” ဟု ကော့ဘွီးကျေးရွာအုပ်စု ဒေသခံတစ်ဦးက ဆိုသည်။

အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းကလည်း အလှပ်ကုန်းကျေးရွာမှ ခြံသမား ၄ ဦးကို အချိန်မတော် သွားလာသည်ဟုဆိုကာ ဖမ်းဆီးရိုက်နှက်ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်အနေဖြင့် ကျုံးဝမ်းနှင့် ကျိုက်ပရံကျေးရွာရှိ မဲရုံများကို လုံခြုံရေးပေးရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နယ်မြေရှင်းလင်းသည့်အနေဖြင့် လှုပ်ရှားနေကြောင်း စစ်ကော်မရှင်တပ်နှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။

ကျိုက်မရောဒေသတွင် ဝင်ရောက်အင်အားဖြည့်ပြီးနောက် တပ်မဆုတ်နိုင်သေးသည့် စစ်ကော်မရှင်တပ်များသည် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ရာမညမွန်တပ်တော်(RMA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေ တင်းမာလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“အစက မွန်တော်လှန်ရေးတပ်တွေကလဲ အလှပ်ကုန်းရွာမှာ ရှိနေတယ်။ စစ်တပ်က အင်အားများအပြားနဲ့ စစ်ကြောင်း ထိုးလာတော့ အနီးအနားရွာဆီကို ရှောင်သွားတာ ဖြစ်မယ်။ ဒါပေမယ့်လည်း ဒေသခံတွေက စိုရိမ်းနေရတယ်။ စစ်တပ်က ပေါ်တာဆွဲတာ။ ဖမ်းဆီးရိုက်နှက်တာတွေကိုလည်း ကြောက်နေရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကော်မရှင်အဖွဲ့တို့သည် ကွမ်ငန်း၊ ကော့ဒွန်းနှင့် ကော့ပနောကျေးရွာ လမ်းပိုင်းတစ်လျှောက်သို့ နယ်မြေရှင်လင်းရေး ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...