ကချင်က တရုတ်နယ်စပ်ဂိတ်တွေပြန်ဖွင့်၊ စက်သုံးဆီ တင်သွင်းခွင့်မရသေး

ကချင်က တရုတ်နယ်စပ်ဂိတ်တွေပြန်ဖွင့်၊ စက်သုံးဆီ တင်သွင်းခွင့်မရသေး

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်အတွင်းက တရုတ် နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ဖွင့်ပေးလိုက်ပြီဖြစ်ပေမဲ့ စားသောက်ကုန်နဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေသာ သယ်ယူတင်သွင်းခွင့်ပြုထားတယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"ပြည်သူတွေအတွက် စားသုံးကုန်ပစ္စည်းတွေကို အဓိကဟုတ်တယ်။ တခြား ဘိလပ်မြေ၊ သံလိုအရာတွေလည်း တင်သွင်းလို့ရတယ်။ စစ်လက်နက်ပစ္စည်းနဲ့ ပတ်သက်တာတွေ၊ စက်သုံးဆီတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေကိုတော့ အခုထိ တားမြစ်ထားတယ်။ အဲဒါတွေက မတင်သွင်းကြဘူး။"လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ရက်အကန့်အသတ်နဲ့ တရုတ်နိုင်ငံကို အလည်အပတ်သွားတာမျိုးနဲ့ ဆေးကု သွားတာမျိုးတွေကိုလည်း တရားဝင်ခွင့်ပြုပေးထားပေမယ့် အလုပ်သွားလုပ်ဖို့အတွက်တော့ ကြားသိထားတာ မရှိဘူးလို့လည်း ဆိုပါတယ်။

နယ်စပ်ဂိတ်တွေကို အရင်ကတည်းက တရုတ်နိုင်ငံဘက်ကသာ ပိတ်လိုက်တာဖြစ်ပြီး KIO/KIA အနေနဲ့ ဂိတ်တွေကို ပိတ်တာမျိုး မရှိခဲ့တဲ့အတွက် ဒီဂိတ်တွေကို ပြန်ဖွင့်ဖို့ တရုတ်နိုင်ငံနဲ့ ဘာသဘောတူညီမှုမှ ရယူထားခြင်းမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ပန်ဝါ၊ ဖီမော်၊ မန်ဝင်း၊ အုံလုံ၊ လိုင်ဇာစတဲ့ဒေသရှိ နယ်စပ် ဂိတ်တွေအားလုံးကို အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၂ နာရီကစပြီး တရုတ်နိုင်ငံဘက်က တရားဝင် ဖွင့်ပေးလိုက်တာလို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

တရုတ်နိုင်ငံဘက်က စက်သုံးဆီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ မဝင်တဲ့အတွက် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နယ်အတွင်း စက်သုံးဆီနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးတွေ မြင့်တက်နေတာပါ။

နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက်ကနေ မနှစ်ကစပြီး နယ်စပ်လုံခြုံရေးအရ ပိတ်လိုက်တာတယ်လို့ ဆိုပေမဲ့ မြန်မာနိုင်ငံဘက်မှာ သူတို့လုပ်ကိုင်နေတဲ့ တစ်သျှူးငှက်ပျောနဲ့ မြေရှားသတ္တုလုပ်ငန်းအတွက် လိုအပ်တာတွေကို သယ်ယူချိန်မှာတော့ ဖွင့်တာမျိုးရှိပါတယ်။

KIA ဟာ ကချင်ပြည်နယ်အတွင်းက တရုတ်နယ်စပ်ဂိတ်အားလုံးကို မနှစ်က ထိုးစစ်အတွင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...