ခရီးသည်ကားကို ARSA ပစ်ခတ်မှု အမျိုးသမီး ၂ ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ခရီးသည်ကားကို ARSA ပစ်ခတ်မှု အမျိုးသမီး ၂ ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူနှင့် ရသေ့တောင်မြို့နယ် စေတီပြင်သို့ ဆက်သွယ်ထားသည့် မယူတောင်ကျော်လမ်းတွင် ခရီးသည် ကားတစ်စီးကို မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA က ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း (ကနဦး) သိရသည်။ 

ယနေ့ (အောက်တိုဘာ ၂၂ ရက်)၊ နေ့လည် ၁ နာရီကျော်တွင် စေတီပြင်မှ ကျောက်ပန္ဒူသို့ ထွက်ခွာလာသည့် ခရီးသည်လိုင်းကားတစ်စီးမှာ မယူတောင်ကျော်လမ်းတွင် ပစ်ခတ်ခံရပြီးနောက် ကားပေါ်တွင် ပါလာသူ အမျိုးသမီး ၂ ဦးသေဆုံးကာ ယာဉ်မောင်းဖြစ်သူ အမျိုးသား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ပစ်သံကြားပြီး ခဏနေရင် ဒီကလူတွေ လိုက်သွားကြတော့၊ အမျိုးသမီး အလောင်း ၂ လောင်း တွေ့တယ်။ ကားသမားကတော့ ဒဏ်ရာရထားတယ်။ အခု သူ့ကို ဆေးကုနေတယ်။ အဲဒီကားနဲ့အတူတူ ပစ်ခတ်ခံရတဲ့ ဆိုင်ကယ်သမား ၁ ဦးကလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်” ဟု အနီးနားက ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရသူမှာ အသက် ၃၇ နှစ် အရွယ် ကားသမား ကိုထွန်းဝင်းဖြစ်ပြီး ကားစပါယ်ယာ အမျိုးသားတစ်ဦးနှင့် အခြား(အမည်စုံစမ်းဆဲ) အမျိုးသား ၂ ဦးမှာလည်း ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီး ၂ ဦးမှာ ကျောက်ပန္ဒူမှ တစ်ဦးနှင့် မောင်တောမြို့နယ်မှ တစ်ဦး (စုံစမ်းဆဲ) ဖြစ်သည်။ ထို့အတူ နောက်ထပ် ပျောက်ဆုံးနေသူတို့၏ အမည်၊ နေရပ်နှင့် အခြားအချက်အလက်များကို DMG က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

“ညနေ ၃ နာရီကျော်လောက်ကလည်း အဲဒီ မယူတောင်တန်းကနေ သေနတ် ပစ်သံတွေ ကြားလိုက်ရတယ်။ ဒါကြောင့် ပျောက်နေတဲ့ ဒေသခံတွေရဲ့ မိသားစုဝင်တွေ၊ ဒေသခံကျေးရွာသားတွေလည်း စိုးရိမ်နေကြတယ်” ဟု နောက်ထပ် ကျောက်န္ဒူကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုသတင်း နောက်ဆက်တွဲနှင့် အသေးစိတ်အချက်အလက်များကို DMG မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင် အရပ်သားများကို အကြမ်းဖက်လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံများမှာ စိုးရိမ်မှု မြင့်တက်နေကြောင်း သိရသည်။

“ဒီလမ်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အားလုံးဒေသခံတွေ အများကြီးသွားနေတဲ့ လမ်းဖြစ်တယ်။ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာတော့ အခုက အားလုံးစိုးရိမ်နေကြပြီ။ လုံခြုံရေး တိုးမြှင့်ပေးဖို့ လိုနေပြီ” ဟု ရသေ့တောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၁ ရက်ကလည်း မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာသို့ ပြန်သည့် အရပ်သား နှစ်ဦးကို ARSA အဖွဲ့မှ ပစ်ခတ်ခြင်းကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားခဲ့သည်။

ARSA တပ်ဖွဲ့ဝင်များသည် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် စခန်းများ အခိုင်အမာ တည်ဆောက်ပြီး ရခိုင်ဒေသသို့ စိမ့်ဝင်ကာ AA တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပိုမိုလုပ်ဆောင်လာကြောင်း AA က ထုတ်ပြန်ထားသည်။

Most read this week

February 7, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်အသီးသီးသည် မိမိတို့၏...
၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook
February 5, 2026
အာရက္ခတပ်တော်ထံ စစ်ရေးအရ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ...
 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
February 4, 2026
စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့...