ခရီးသည်ကားကို ARSA ပစ်ခတ်မှု အမျိုးသမီး ၂ ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ခရီးသည်ကားကို ARSA ပစ်ခတ်မှု အမျိုးသမီး ၂ ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူနှင့် ရသေ့တောင်မြို့နယ် စေတီပြင်သို့ ဆက်သွယ်ထားသည့် မယူတောင်ကျော်လမ်းတွင် ခရီးသည် ကားတစ်စီးကို မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA က ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း (ကနဦး) သိရသည်။ 

ယနေ့ (အောက်တိုဘာ ၂၂ ရက်)၊ နေ့လည် ၁ နာရီကျော်တွင် စေတီပြင်မှ ကျောက်ပန္ဒူသို့ ထွက်ခွာလာသည့် ခရီးသည်လိုင်းကားတစ်စီးမှာ မယူတောင်ကျော်လမ်းတွင် ပစ်ခတ်ခံရပြီးနောက် ကားပေါ်တွင် ပါလာသူ အမျိုးသမီး ၂ ဦးသေဆုံးကာ ယာဉ်မောင်းဖြစ်သူ အမျိုးသား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ပစ်သံကြားပြီး ခဏနေရင် ဒီကလူတွေ လိုက်သွားကြတော့၊ အမျိုးသမီး အလောင်း ၂ လောင်း တွေ့တယ်။ ကားသမားကတော့ ဒဏ်ရာရထားတယ်။ အခု သူ့ကို ဆေးကုနေတယ်။ အဲဒီကားနဲ့အတူတူ ပစ်ခတ်ခံရတဲ့ ဆိုင်ကယ်သမား ၁ ဦးကလည်း ပျောက်ဆုံးနေဆဲဖြစ်တယ်” ဟု အနီးနားက ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရသူမှာ အသက် ၃၇ နှစ် အရွယ် ကားသမား ကိုထွန်းဝင်းဖြစ်ပြီး ကားစပါယ်ယာ အမျိုးသားတစ်ဦးနှင့် အခြား(အမည်စုံစမ်းဆဲ) အမျိုးသား ၂ ဦးမှာလည်း ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီး ၂ ဦးမှာ ကျောက်ပန္ဒူမှ တစ်ဦးနှင့် မောင်တောမြို့နယ်မှ တစ်ဦး (စုံစမ်းဆဲ) ဖြစ်သည်။ ထို့အတူ နောက်ထပ် ပျောက်ဆုံးနေသူတို့၏ အမည်၊ နေရပ်နှင့် အခြားအချက်အလက်များကို DMG က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

“ညနေ ၃ နာရီကျော်လောက်ကလည်း အဲဒီ မယူတောင်တန်းကနေ သေနတ် ပစ်သံတွေ ကြားလိုက်ရတယ်။ ဒါကြောင့် ပျောက်နေတဲ့ ဒေသခံတွေရဲ့ မိသားစုဝင်တွေ၊ ဒေသခံကျေးရွာသားတွေလည်း စိုးရိမ်နေကြတယ်” ဟု နောက်ထပ် ကျောက်န္ဒူကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုသတင်း နောက်ဆက်တွဲနှင့် အသေးစိတ်အချက်အလက်များကို DMG မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင် အရပ်သားများကို အကြမ်းဖက်လုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေ၍ ဒေသခံများမှာ စိုးရိမ်မှု မြင့်တက်နေကြောင်း သိရသည်။

“ဒီလမ်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အားလုံးဒေသခံတွေ အများကြီးသွားနေတဲ့ လမ်းဖြစ်တယ်။ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာတော့ အခုက အားလုံးစိုးရိမ်နေကြပြီ။ လုံခြုံရေး တိုးမြှင့်ပေးဖို့ လိုနေပြီ” ဟု ရသေ့တောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၁ ရက်ကလည်း မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာသို့ ပြန်သည့် အရပ်သား နှစ်ဦးကို ARSA အဖွဲ့မှ ပစ်ခတ်ခြင်းကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားခဲ့သည်။

ARSA တပ်ဖွဲ့ဝင်များသည် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် စခန်းများ အခိုင်အမာ တည်ဆောက်ပြီး ရခိုင်ဒေသသို့ စိမ့်ဝင်ကာ AA တပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပိုမိုလုပ်ဆောင်လာကြောင်း AA က ထုတ်ပြန်ထားသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...