စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး
 photo credit - CJ
photo credit - CJ

စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃) ဦး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁) ဦးနှင့် အမျိုးသမီး (၂) ဦးဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ မနက်မှာ နမ္မတူမြို့ထဲနဲ့ နမ့်ဆန်မြို့နယ် ဟိုမိန်းရွာထဲကို ဗုံးကြဲသွားတာ။ ဟိုမိန်းမှာတော့ ၃ ယောက် ဆုံးတယ်။ နမ္မတူမှာတော့ ၃ ဦးအထက်ပဲ ဒဏ်ရာရတာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ယနေ့ (အောက်တိုဘာ ၁၇)ရက် မနက် ၇ နာရီဝန်းကျင်တွင် နမ္မတူမြို့ရှိ အမှတ်(၁) အထက်တန်း ကျောင်းအနီးကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲမှု ထပ်မံပြုလုပ်ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် နေပြည်တော်၌ အောက်တိုဘာ ၁၅ ရက်တွင် ၁၀ နှစ်ပြည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီ စာချုပ် (NCA) လက်မှတ်ထိုးအခမ်းအနားကို ကျင်းပပြီးနောက် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲ ကို ဆက်လက်ကျင်းပနေချိန် ၎င်းတို့ “၁၀၂၇” စစ်ဆင်ရေးအတွင်း ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်ရရှိရန် လေကြောင်းဗုံးကြဲမှုကို နေ့စဉ်ကျူးလွန်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်၌ စစ်ကော်မရှင်နှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် TNLA ဘက်က ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်ထံ ပြန်လွှဲအပ်ပေးမည်ဟု ကမ်းလှမ်းပြောဆိုခဲ့သော်လည်း စစ်ကော်မရှင်ဘက်က ပြန်လည်တိုက်ယူမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၎င်းဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး အခြားတဘက်မှာလည်း “ငြိမ်းချမ်းရေး”ဟု ပြောဆိုကာ ၎င်းဆုံးရှုံးလိုက်သည့် နယ်မြေများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် စစ်ကော်မရှင်တပ်သည် နောင်ချိုမြို့ကို TNLA လက်ထဲမှ ပထဆုံးပြန်လည် ထိန်းချုပ် နိုင်ခဲ့သည်။

ထို့ပြင် စစ်ကော်မရှင်နှင့် TNLAတို့သည် သြဂုတ် ၂၇ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်သည် TNLA ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည့် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နမ္မတူမြို့နယ်၊မန်တုံမြို့နယ်၊နမ့်ဆန်မြို့နယ်နှင့် မိုးကုတ်မြို့နယ် အတွင်းသို့ လေကြောင်းပစ်ခတ်မှု ယခင်ကထက်ပိုပြီး ပြုလုပ်လာသည်။

စစ်ကော်မရှင်သည် ယခု အောက်တိုဘာလအတွင်းကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိသည့် မြို့နယ်များကို လေကြောင်းဖိအားဖြင့်ဆက်တိုက်ဗုံးကြဲသွားနိုင်ကြောင်းလည်း သျှမ်းပြည် စစ်ရေးပဋိပက္ခနယ်မြေတွင် နေထိုင်သူများက ပြောသည်။

January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...
January 16, 2026
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့်...
January 15, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်...
January 14, 2026
စိုင်းဆိုင်အိုက် — မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏...