စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ အလုပ်အကိုင်အခွင့်အလမ်း လုံးဝ မရှိသည့်အတွက် ဒေသခံများမှာ စားဝတ်နေရေး ပိုမိုဆိုးရွားလာကြောင်း သိရသည်။
စစ်ကောင်စီက မြို့အဝင်အထွက်အားလုံး ပိတ်ဝန်းပိတ်ဆို့ထားပြီး လေကြောင်းလမ်းတစ်ခုကိုသာ ခွင့်ပြုထားသဖြင့် မြို့တွင်းတွင် ငွေကြေးမတတ်နိုင်သည့် အခြေခံလက်လုပ်လက်စား အများအပြား ကျန်ရှိနေသည်။
စစ်တွေမြို့ခံများအတွက် အခြေခံစားသောက်ကုန်များကို စစ်ကောင်စီသည် ရန်ကုန်ကနေ ကုန်တင်သင်္ဘောကြီးများဖြင့် ပို့ဆောင်နေသည်။
သို့သော်လည်း အဆိုပါ သင်္ဘာများမှာ ပုံမှန်ဝင်ရောက်ခြင်း မရှိသဖြင့် ကုန်ဈေးနှုန်း အတက်အကျများ ရှိနေခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ထို့အတူ အလုပ်အကိုင်ရှားပါးမှုကြောင့် အခြေခံတူတန်းများမှာ ပိုပြီး စားဝတ်နေရေး ကျပ်တည်းလာနေခြင်းဟု ဆိုကြသည်။
“ရန်ကုန်က သင်္ဘောနဲ့ ပါလာတဲ့ ကုန်တွေကို စစ်တွေမှာရှိတဲ့ တချို့ကုန်သည်တွေနဲ့ မွတ်ဆလင်တွေ ပေါင်းပြီး ဝယ်ကြတယ်။ ကုန်သည်တွေလည်း သူတို့(စစ်ကောင်စီ) နဲ့ အဆင်ပြေတဲ့ သူတွေကိုပဲ ရောင်းတယ်။ ဒေသခံတွေက ကုန်သည်တွေရဲ့ သူတို့ရောင်းတဲ့ ဈေးနဲ့ ရောင်းပေးသလောက်ပဲ ဝယ်ကြရတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းက တက်လိုက်ကျလိုက်ဖြစ်နေတာ” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့တွင် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ငွေကျပ် (၂၂၀,၀၀၀)၊ ဆန်ကြမ်း တစ်အိတ်ကို (၁၂၀,၀၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃၅,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာကို ၁၅,၀၀၀၊ ငရုတ်သီးခြောက် တစ်ပိဿာကို ၃၆,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီ တစ်လီတာကို ငွေကျပ် ၁၅,၀၀၀၊ စားသုံးဆီ တစ်လီတာကို ၁၄,၀၀၀၊ ကြက်သားတစ်ပိဿာကို ၈၀,၀၀၀၊ ဝက်သားတစ်ပိဿာကို ၆၅,၀၀၀၊ အမဲသား တစ်ပိဿာကို ၅၅,၀၀၀ ကျပ် စသဖြင့် ပေးဝယ်နေကြရသည်။
အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက “အလုပ်မရှိတော့ ဝင်ငွေက လုံးဝ မရှိဘူး။ အလှူခံပြီး စားရင်လည်း ဆန်လှူတာတွေပဲ ရှိတယ်။ ပိုက်ဆံမရရင် ရလာတဲ့ ဆန်ကို ဆန်ပြုတ် ကြိုသောက်ကြတာကို တွေ့ရတယ်။ လူတွေက ငတ်တဲ့ ဒဏ်ကို မခံနိုင်ကြတော့ဘူးလေ။ မိန်းကလေးငယ်တွေ ဆိုရင်လည်း ခန္ဓာကိုယ် ရောင်းစားကြတာတွေ တွေ့လာရတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင်းတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များပါ မကျန် ဝမ်းရေးအတွက် လမ်းပေါ်ထွက်ကာ တောင်းရမ်းစားသောက်နေသူ အများအပြားတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်တွေဆေးရုံတွင် အာဟာရပြတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
မြို့တွင်းဒေသခံအချို့မှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ စားဝတ်နေရေး ကျပ်တည်းမှုတို့ကို ဆိုးရွားစွာ ကြုံတွေ့လာရသဖြင့် မိမိကိုယ်ကို အဆုံးစီရင်မှုများလည်းရှိကြောင်း သိရသည်။
“တချို့လူတွေဆိုရင်လည်း သူများအိမ်တွေ သွားပြီး အဝတ်လျှော်၊ ထမင်းချက်သွားပြီး အလုပ်လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းတော့ အလုပ်က မကျတော့ဘူး။ အကုန်လုံးက ခက်ခဲနေကြတာ။ အလုပ်မရှိကြတော့ ငတ်ကြတယ်။ ငတ်မွတ်မှုဒဏ်ကို မခံနိုင်တဲ့ သူတွေကျတော့လည်း သတ်သေတာတွေလည်း ရှိကြတယ်” ဟု နောက်ထပ် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လနှင့် မေလအတွင်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၁)တွင် မိသားစု ၅ ဦးနှင့် စစ်တွေမြို့ရှိ IDP Camp (ဒုက္ခသည်စခန်း) တစ်ခုတွင် မွတ်ဆလင်မိသားစု ၅ ဦးမှာ အစာငတ်မွတ်မှု ဒဏ်ကို မခံနိုင်၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
“စစ်တွေမှာ အမျိုးသားတွေဆိုရင် ကုန်ထမ်း ကျပန်းလုပ်ကြတာ များတာပေါ့။ ဘာအလုပ်မှ မရှိတော့ လူမနေတဲ့ အိမ်တွေကို ဖောက်ထွင်းပြီး ရောင်းစားတာတွေ၊ ခြံစည်းရိုးတွေ ဖျက်ပြီး ထင်းရောင်းတာတွေကို ပုံမှန်လို လုပ်နေကြတယ်။ အရေးယူမဲ့သူ တားမဲ့သူ မရှိတော့ ပိုဆိုးတာပေါ့။ အလုပ်မရှိ၊ ဝင်ငွေမရှိတော့ သူတို့လည်း ရတဲ့နည်းနဲ့ ပိုက်ဆံရှာနေကြတဲ့ သဘောပဲ” ဟု စစ်တွေမြို့နယ်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် စစ်တွေမြို့သို့ ရေကြောင်း၊ လေကြောင်းဖြင့် ကုန်ပစ္စည်းတင်ပို့မှုကို ကန့်သတ်ပိတ်ဆို့ထားသည့်အတွက် ကုန်တင်ကုန်ချလုပ်ကိုင်နေကြသည့် ဒေသခံအချို့မှာ အလုပ်ရပ်နားရသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ခက်ခဲနေကြောင်း ဆိုသည်။
လက်ရှိတွင် စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီဖက်ကလည်း စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ကို AA ဝင်ရောက်မလာနိုင်စေရေး အင်အားဖြင့် စစ်ရေးပြင်ဆင်ထားသည်။
ထိုသို့ စစ်ရေးတင်းမာမှုများနှင့်အတူ စစ်ကောင်စီသည် စစ်တွေနှင့် နယ်စပ်ချင်းထိစပ်နေသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကိုလည်း လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ လုပ်နေသည်။







