မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦးတို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။

ယမန်နေ့ည အောက်တိုဘာလ ၈ ရက် ည ၇ နာရီခန့်မှာ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်း ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

“မနေ့ညက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၉ တန်း၊ ၁၀ တန်းအရွယ် ကျောင်းသား ၃ ဦး သေဆုံးသွားတယ်။ မသန်းစွမ်းအမျိုးသမီးတစ်ဦးလည်း သေဆုံးသွားတယ်။ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိကြတယ်။ ထင်ချောင်းရွာ RC ဘုရားကျောင်းဝန်း ဘော်ဒါဆောင်ကို ကြဲချတာမှာ ထိခိုက်သေဆုံးကြတာပါ” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် ဂျက်ဖိုက်တာ ၂ စီးဖြင့်‌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဝမ္မသူးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆောင်ပျက်စီးသော်လည်း ဒေသခံပြည်သူများ ထိခိုက်မှု မရှိကြောင်း၊ ထင်ချောင်းရွာရှိ RC ဘုရားကျောင်းဝန်းထဲရှိ ဘော်ဒါဆောင်ကို ဗုံးကြဲရာမှာ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ပျက်စီးမှု များပြားခြင်း ဖြစ်ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ပျက်စီးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက် နံနက် ၁ နာရီခန့်ကလည်း မင်းတပ်မြို့၏ ၂ နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း CDF - မင်းတပ်ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မင်းတပ်မြို့နယ်ကို CDF - မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ပြီး အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေချိန်တွင် စစ်ကော်မရှင်တပ်သည် မင်းတပ်မြို့ပေါ်နှင့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများကို စစ်ရေးပစ်မှတ်အဖြစ် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၁ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP က ကြေညာထားသည်။

February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...
February 9, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်များနှင့်...
ဓါတ်ပုံ - Yaw
February 6, 2026
ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း...
February 5, 2026
ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး...