စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA တို့က ဒေသခံများကို ဖမ်းဆီးမှု များပြားနေကြောင်း သိရသည်။
ယင်းအထဲ စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ဒေသခံ အမျိုးသား ၄၀ ထက် မနည်းရှိနေပြီး လူသားဒိုင်းကာအဖြစ် ပြုလုပ်ခြင်း၊ အကျဉ်းချနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်မှုများ ခံနေရကြောင်း ဒေသခံများက ပြောသည်။
"အဓိကတော့ သူတို့ (စစ်ကောင်စီ) စစ်ကြောင်းထိုးတဲ့အချိန် ကင်းပုန်းဝပ်တဲ့ အချိန်တွေမှာ တွေ့တဲ့သူကို ဖမ်းတာဖြစ်တယ်။ ဖမ်းပြီး ညှင်းပန်းနှိပ်စက်ခံရလို့ သေးဆုံးသွားသူတွေလည်း ရှိတယ်။ တချို့ကို လူသားဒိုင်းကာအဖြစ် တိုက်ပွဲတွေမှာ သုံးတယ်။ ဖမ်းပြီဆိုရင် ပြန်မလွှတ်တော့ဘူး" ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေလကစ၍ အရပ်သားများကို ဖမ်းဆီးနေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ မြို့ပေါ် အပါအဝင် မြို့အနီးရှိ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ ရှရော်ခ၊ အမှိုက်ပုံ၊ စသည့် ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်လည်း ဖားကန့်- မြစ်ကြီးနား လမ်းပိုင်းရှိ စစ်ဘေးရှောင်နှင့် ခရီးသည်များကို ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။
အလားတူ KIA သည်လည်း ပြီးခဲ့သည့် ဇူလိုင်လပိုင်းကစ၍ စစ်သားသစ်စုဆောင်းရန် အရပ်သားများကို ဖမ်းဆီးနေကြောင်း သိရသည်။
"ကျနော်တို့မှာက အခု အားလုံးကို ကြောက်နေရတယ်။ အလုပ်လည်း မရှိဘူး၊ အပြင်ကိုလည်း မထွက်ရဲဘူး။ ငတ်တဲ့သူတွေလည်း ငတ်နေပြီ။ ပိုက်ဆံရှိတဲ့လူတွေကတော့ အဖမ်းခံရရင် ပြန်းရွေးလို့ရပေမယ့် များသောအားဖြင့် အဖမ်းခံရပြီဆိုတာနဲ့ တန်းပြီး စစ်မှုထမ်းရတယ်" ဟု ဖားကန့်ဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်ကလည်း နမ့်မော်ရွာအနီးရှိ မြေစာပုံတွင် ရေးမဆေး (ကျောက်စိမ်း) ရှာနေသော အမျိုးသား ၂၀ ခန့်ကို KIA က မော်တော်ကား ၄ စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် အဖမ်းခံရမည်ကို စိုးရိမ်၍ ထွက်ပြေးကြရာ နမ့်မော်ကျေးရွာမှ အသက် ၂၇ အရွယ် ကိုမျိုးလှိုင်ဝင်းဆိုသူမှာ မြေစာကျင်းထဲပြုတ်ကျ၍ သေးဆုံးမှု ဖြစ်ပွားခဲ့သည်။
KIA က စစ်သားသစ် စုဆောင်ရန် ဖမ်းဆီးခေါ်ဆောင်မှုများနှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို DMG က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
KIA သည် ယခင်က ကချင်နှင့် ကချင်မျိုးနွယ်စုများကိုသာ စစ်သားသစ်စုဆောင်းရန် ခေါ်ဆောင်လေ့ရှိသော်လည်း ယခုအခါ လူမျိုးမရွေးခေါ်ဆောင်နေခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် ဖားကန့်ဒေသတွင် KIA အပေါ် လူထုထောက်ပံ့မှု လျော့နည်းလာနေကြောင်း တော်လှန်ရေးထောက်ခံသူများက ပြေသည်။
" ပြည်သူတစ်ရပ်လုံးက ဒီတော်လှန်ရေးအပေါ် ပါဝင်နေတာကို စုဆောင်းရေးဆွဲတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။ တော်လှန်ရေးကို ဥပေက္ခာပြုတာ မဟုတ်ပေမယ့် KIA/ KIO အပေါ်ကိုတော့ လူထုက ထောက်ပံ့တာ၊ ရပ်တည်တာမျိုး ဒီဖားကန့်မှာဆိုရင် တော်တော်လေး လျော့နည်းလာတယ်" ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် မေလက စ၍ စစ်ကောင်စီနှင့် KIA/KPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၁၅၀ ထက်မနည်း သေဆုံး၊ ဒဏ်ရာရရှိထားကြောင်း ဖားကန့်အရပ်ဘက်အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုနေကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကလည်း ရှရော်ခ၊ ညောင်ပင်ကုန်း၊ ဆန်းကြွယ်၊ မော်မောလယန် စသည့် ကျေးရွာများအနီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ၎င်းကျေးရွာများက ဒေသခံထောင်နှင့်ချီမှာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း စသည့် မြို့နယ်များသို့ စစ်ဘေးရှောင်နေကြရသည်။
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဒေသခံများနှင့် မြန်မာနိုင်ငံအနှံ့က ရွှေပြောင်းလုပ်ကိုင်သူ သိန်းချီနေထိုင်ကြပြီး ၎င်းတို့မှာ လက်ရှိတွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းအန္တရာယ် အပါအဝင် နှစ်ဘက်စလုံး၏ ဖမ်းဆီးခေါ်ဆောင်မှုကို စိုးရိမ်နေကြရခြင်းဖြစ်သည်။







