ပလက်ဝမြို့ ဗုံးကြဲမှုအတွင်း အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

ပလက်ဝမြို့ ဗုံးကြဲမှုအတွင်း အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ချင်းပြည်နယ်၊ ပလက်ဝမြို့လယ်ကို ယနေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီ ဗုံးကြဲမှုအတွင်း အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပလက်ဝမြို့ကို ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ကလပ်စ်တာဗုံးတစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပလက်ဝ ဆေးရုံဝန်းကျင်၊ ဗိုလ်တဲနှင့် အနီးဝန်းကျင်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ပေါင် ၅၀၀ ဗုံးနှစ်လုံး၊ ကလပ်စ်တာ ဗုံးတွေ သုံးပြီးတော့ ကြဲချလိုက်တာပါ။ အမျိုးသမီနှစ် ယောက်ကတော့ သေသွားပြီ။ ဒဏ်ရာရသူတွေအများကြီးရှိသေးတယ်။ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်းပါနေသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူတို့မှာ အသက် ၄၀ နှစ်အရွယ် ဒေါ်သူဇာဝင်းနှင့် အသက် ၁၈ နှစ်အရွယ် မမြမြခင် တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများကို အရေးပေါ် ဆေးကုသမှုခံယူနေကြပြီး အသက်အန္တရာယ် စိုးရိမ်ရသူများလည်း ရှိနေသေးကြောင်း သိရသည်။

အာရက္ခတပ်တော်သည် ပလက်မြို့နယ်ကို ၂၀၂၄ ခုနှစ်က ဇန်နဝါရီက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ဆောင်ရွက်နေသည်။

“အခုကတော့ မြို့ခံတွေတော်တော် စိုးရိမ်နေကြပြီ။ AA အုပ်ချုပ်နေတာ တစ်နှစ်ကျော်ရှိပြီ တစ်ခါဒီလို မကြုံဖူးဘူး။ အခုမှ ကြုံကြရတာ။ ဒါကတော့ အရပ်သား အပြစ်မဲ့ ပြည်သူတွေကို စစ်ကောင်စီက တမင် သတ်ဖြတ်နေတာ လို့မြင်တယ်” ဟု နောက်ထပ် ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။ 

စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်ကလည်း တောင်ကုတ်မြို့နှင့် သံတွဲမြို့က လူနေ ရပ်ကွက်ကို စစ်ကောင်စီဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရရှိသွားခဲ့သည်။ 

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ဆောင်လာနေသဖြင့် ဒေသခံများ လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ရန်လိုအပ်သည်။

Photo credit - We Love Paletwa

Most read this week

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...