ဗန်းမောက်မြို့ခံ ထောင့်ငါးရာဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရ

ဗန်းမောက်မြို့ခံ ထောင့်ငါးရာဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရ
Photo credit - CJ
Photo credit - CJ

ဗန်းမောက်မြို့မှာ မြို့သိမ်းတိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ထောင့်ငါးရာကျော်ဟာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေထံကနေ သိရပါတယ်။ 

“စစ်ဘေးရှောင်စခန်းဖွင့်ထားတယ်။ မင်းကုန်းရယ် အရှေ့ကုန်းရယ်ပဲ စစ်ဘေးရှောင်စခန်းတွေက၊ အေး ထမင်းတွေ ဘာတွေ ဆန်ဆီဆား၊ ဟင်းချိုမှုန့်တွေက ပေးတယ်။ ဟင်းကတော့ ကိုယ့်ဘာသာကိုယ် ဝယ်စားရတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့က စစ်ဘေးရှောင်တွေအတွက် အရှေ့ကုန်း စာသင်ကျောင်းရှိ ဘက်စုံခန်းမနဲ့ မင်းကုန်းကျေးရွာရှိ စာသင်ကျောင်းများမှာ နေရာချထားပြီး အခြေခံစားသောက်ရေးအတွက် ရပ်ရွာနဲ့ SNA တို့က ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ 

စစ်ဘေးရှောင်တွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မ၊ မြနန္ဒာ၊ လွှစင်ကုန်း စတဲ့ဒေသခံတွေအပြင် အောင်သာကုန်း၊ ခမိုး၊ ရွှေကျောင်း စတဲ့ကျေးရွာက ဒေသခံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်ရချိန် တစ်ပတ်နီးပါးကြာမြင့်လာပြီးနောက် ဒေသခံတချို့က စစ်ဘေးရှောင်စခန်းတွေအပြင် နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေကြကြောင်း သိရပါတယ်။ 

ဒေသခံတချို့က မြို့သိမ်းတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မြို့ထဲကို ပြန်လည်ဝင်ရောက်လိုကြပေမယ့် စစ်ရေးတင်းမာမှုနဲ့ စိတ်ချရတဲ့အခြေအနေတွေမရှိသေးတာကြောင့် ဆက်လက် တိမ်းရှောင်နေရဆဲ အခြေအနေလည်း ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ 

ဗန်းမောက်မြို့နဲ့ မိုင်အနည်းငယ်အကွာမှာ မြို့ပေါ်ကနေ တပ်ဆုတ်ခဲ့တဲ့ ရှမ်းနီအမျိုးသားများတပ်မတော်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြားမှာ စစ်ရေးတင်းမာမှုတွေ ဒီနေ့အထိ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

“ပင်ဟင်းခါးရွာမှာ ဟိုဘက် ( KIA+PDF)  ဘက်က ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တာ ဒီမနက်၊ နေအိမ်တွေ ထိခိုက်သွားတာတွေရှိတယ်။ အမိုးနည်းနည်းပွင့်သွားတယ်။ တိုက်ပွဲတွေကတော့ ငြိမ်နေတယ်လို့” ပျက်စီးသွားတဲ့ နေအိမ်နဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

ဗန်းမောက်မြို့ကို NUG အမှတ် ၁ စစ်ဒေသက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တာဖြစ်ပြီးတော့ KIA အပါအဝင် ဗန်းမောက်၊ အင်းတော်က PDF တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက PDF ပူးပေါင်းတပ်တွေ ပါဝင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...