ရခိုင်ပြည်၊ သံတွဲမြို့နှင့် မြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းအပြင် ရေကြောင်းကပါ နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်၍ အရပ်သား သေဆုံး၊ ဒဏ်ရာရပြီးနောက် ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်ဟု သိရသည်။
သံတွဲမြို့ပေါ်ကို စက်တင်ဘာလ ၂၆ ရက်၊ ညက အကြမ်းဖက်လေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီးနောက် သံတွဲမြို့မှ သုံးမိုင်ခန့်အကွာ သံတွဲ-ဂွလမ်းအနီးရှိ ပဒဲကောရွာ၏အနောက်တောင်ကြောကို အကြမ်းဖက်လေတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်၊ ည ၁၁ နာရီကျော်တွင်လည်း ဗုံးနှစ်ကြိမ် ထပ်မံကြဲခဲ့သလို မြို့အနီးအနားကိုလည်း ဂျက်လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်ပြီး ရေတပ်ကလည်း လက်နက်ကြီးခြောက်လုံးခန့်ဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။
ယမန်နေ့က ပစ်ခတ်ခံရမှုကြောင့် အဆိုပါတောင်ကြောရှိ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း သံတွဲမြို့ခံတဦးက နိရဉ္စရာကို ပြောသည်။
“မနေ့ညက ၁၁ နာရီကျော်မှာ မြို့အနီးအနားကိုကြဲချခဲ့သေးတယ်။ ဗုံးကြဲပြီး တမြို့လုံးကို စက်သေနတ်နဲ့ ဖြိုပစ်ခဲ့တယ်။ ဟိုနေ့ကလည်း မြို့ပေါ်ကိုဗုံးကြဲခဲ့လို့ လူတွေသေတယ်။ နှစ်ရက်ဆက်တိုက်လို့ ပြောလို့ရတယ်” ဟု ပြောသည်။
မြို့အနီးအနားတစ်ဝိုက်နှင့် ငပလီ၊ ဂျိတ္တောဖက်သို့ နေဗီပေါ်မှ လက်နက်ကြီးကျည်များဖြင့် လှမ်းပစ်မှု ပြုလုပ်နေသဖြင့် ဒေသခံတချို့မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ဗုံးတခါကြဲပြီးနောက်ပိုင်း နေဗီကနေလည်း ပစ်တယ်။ ဒရုန်းနဲ့လည်း ကင်းထောက်တယ်။ ဒေသခံတွေကတော့ ထပ်ပြီး ထိခိုက်မှာစိုးလို့ ထွက်ပြေးနေကြတယ်” ဟု ပြောသည်။
အာရက္ခတပ်တော်( AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် သံတွဲမြို့ကို စက်တင်ဘာလ ၂၆ ရက်၊ ည ၈ နာရီကျော်က အကြမ်းဖက် မြန်မာလေတပ်က လေကြောင်းမှ ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရရှိသွားခဲ့သည်။
သေဆုံးသွားသူမှာ သံတွဲမြို့၊ အမှတ် (၄)ရက်ကွက်မှ ဦးညီညီဖြစ်သည်။
ဒဏ်ရာရသူများမှာ မောင်သန့်ဇင်ဖြိုး(၆)နှစ်(ဘ) ဦးညီညီ၊ မောင်အောင်သီဟစိုး(၁၄)နှစ် (ဘ)ဦးညီညီ၊ ကိုယ်ဝန်ဆောင်မိခင် ဒေါ်ခင်ခင်ဌေး(၃၇)နှစ် (ဘ) ဦးစိန်မောင်ကြည်၊ ဒေါ်ခင်ထွေး(၅၃)နှစ်(ဘ)ဦးတင်ညွန့်နှင့် ဦးထွန်းနိုင်မင်း(၄၂)နှစ် (ဘ)ဦးလှတင်ဝင်း တို့ဖြစ်ကြသည်။
သေဆုံးသူ ဦးညီညီ၊ ဒဏ်ရာရရှိသူများဖြစ်ကြသည့် ကိုယ်ဝန်သည် ဒေါ်ခင်ခင်ဌေး၊ မောင်အောင်သီဟစိုး၊ မောင်သန့်ဇင်ဖြိုးတို့သည် မောင်ရွှေလေးရပ်ရွာမှ စစ်ဘေးရှောင်နေကြသည့် မိသားစုဖြစ်သည်ဟု သိရသည်။
သံတွဲမြို့ကို အကြမ်းဖက်စစ်တပ်က ကင်းထောက်ဒရုန်းဖြင့် မကြာခဏကင်းထောက်နေ၍ ထပ်မံ တိုက်ခိုက်လာနိုင်သဖြင့် ဒေသခံများ ဘေးလွတ်ရာကို ရှောင်တိမ်းကြရန်လည်း AA က သတိပေးထားကြောင်း သိရသည်။







