ပြင်ဦးလွင်မြို့အနီးတစ်ဝိုက်မှာ စစ်ရှောင်နေကြရတဲ့ ဗန်းမော်စစ်ရှောင် အိမ်ထောင်စု ၄၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်

ပြင်ဦးလွင်မြို့အနီးတစ်ဝိုက်မှာ စစ်ရှောင်နေကြရတဲ့ ဗန်းမော်စစ်ရှောင် အိမ်ထောင်စု ၄၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နီးတစ်ဝိုက်မှာ စစ်ဘေးရှောင်နေရတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်ရှောင်အိမ်ထောင်စု ၄၁၈ စုဟာ စားနပ်ရိက္ခာနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဆန်၊ ဆီ စတဲ့ အခြေခံစားသောက်ကုန်တွေအပြင် စောင်၊ ခြင်ထောင်၊ ဖျာ၊ အိုးခွက်ပန်းကန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်တွေနဲ့ ကျန်းမာရေးအထောက်အကူတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ သုညသုခပရဟိတ လူငယ်အသင်းခေါင်းဆောင် ကိုထွေးက ပြောပါတယ်။

“ပြင်ဦးလွင်ဘက်ကို ပြောင်းလာတဲ့သူတွေက အကူအညီအထောက်အပံ့ကို မရသလောက်ကို ဖြစ်တာပေါ့။ 

ငလျင်မတိုင်ခင်တုန်းကတော့ သူတို့တွေ မန္တလေးမှာ နေကြတယ်လေနော်။ မန္တလေးမှာနေကြတော့ အလှူရှင်အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ် စာရင်းတွေ ပို့ကြတာပေါ့။ အလှူရှင်အဖွဲ့အစည်းတွေကလည်း လုပ်ထုံးလုပ်နည်းတွေနဲ့ အဆင့်ဆင့် ဖြတ်သန်းရသေးလို့ ထင်တယ်။ အလှူပစ္စည်းတွေက မရသေးဘူးလေ။ တကယ်ပေးတဲ့အချိန်မှာကြတော့ မန္တလေးမှာ မနေကြတော့ဘူး။ အများစုက ပြင်ဦးလွင်ကို ပြန်ပြောင်းသွားတယ်” လို့ ဆိုပါတယ်။

လတ်တလောမှာ ဗန်းမော်စစ်ရှောင်ပြည်သူတွေဟာ ပြင်ဦးလွင်မြို့နယ်အတွင်းက ဘုန်းကြီးကျောင်းဝင်းတွေ၊ အသိမိတ်ဆွေအိမ်တွေနဲ့ မြို့၊ ရွာအတွင်းက အိမ်တွေငှားပြီး နေထိုင်နေကြတယ်လို့ သိရပါတယ်။

တချို့အိမ်ထောင်စုတွေကတော့ ဒီလပိုင်းမှာပဲ အခြေနေအရပ်ရပ်ကြောင့် ပြောင်းရွှေ့ တိမ်းရှောင်လာသူတွေဖြစ်ပြီး အများစုကတော့ မနှစ်က ဒီဇင်ဘာလမှာ မန္တလေးမြို့ကို တိမ်းရှောင်ခဲ့ပြီးတော့ ငလျင်ကြောင့်ပြင်ဦးလွင်ကို ထပ်မံရွှေ့ပြောင်းရတာလို့လည်း ဆိုပါတယ်။

“မန္တလေးကိုအရင်ပြောင်းတယ်။ မန္တလေးမှာလည်း ငလျင်လှုပ်တော့ အိမ်တွေပြို၊ အဆောင်တွေပြို၊ ရာသီဥတုကလည်း အရမ်းပြင်းထန်တယ်။ ကချင်ပြည်နယ်ဘက်က လာတဲ့သူတွေနဲ့က မကိုက်ညီဘူးဆိုတော့ အနီးအနားပြင်ဦးလွင်ဘက်ကို အလုံးအရင်းနဲ့ ပြန်ပြောင်းကြတယ်။“ လို့လည်း အထက်ပါ ပရဟိတခေါင်းဆောင်းက ဆိုပါတယ်။

အဲဒီစစ်ရှောင်တွေဟာ မနှစ်က ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့ စစ်ကောင်စီနဲ့ KIA တပ်တို့ရဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေ ဖြစ်ပါတယ်။

စေတနာရှင်၊ အလှူရှင်တွေ၊ လူမှုကူညီရေးအဖွဲ့အစည်းတွေ၊ NGOs တွေကိုလည်း အကူညီတောင်းခံတယ်လို့လည်း ဆိုပါတယ်။

ကူညီပေးလိုတဲ့ အလှူရှင်တွေအနေနဲ့ သုညသုခပရဟိတလူငယ်အသင်း ခေါင်းဆောင်ကိုထွေးရဲ့ ဖုန်း 09686796777 ကိုဖြစ်စေ သုညသုခပရဟိတလူငယ်အသင်းဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ Messenger မှာဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...
May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...