မွန်ပြည်နယ်ကိုယ်စားပြု မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC တို့ စစ်ကော်မရှင်ကနေ ပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို အတူလက်တွဲဆန့်ကျင်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ အသိပေးပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ သဘာပတိ နိုင်ကောင်းရွက် ဦးဆောင်တဲ့ MSFC နဲ့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ဦးဆောင်တဲ့ MSCC တို့ စက်တင်ဘာ ၁၆ ရက်နေ့က အွန်လိုင်းကနေ ပထမအကြိမ် တွေ့ဆုံခဲ့ကြတယ်လို့ နှစ်ဘက်အဖွဲ့က ပူးတွဲထုတ်ပြန်တာပါ။
တွေ့ဆုံမှုအရ မွန်ပြည်နယ်အတွင်း နိုင်ငံရေးစစ်ရေးဖြစ်စဉ်တွေအပေါ် သုံးသပ်ဆွေးနွေးတာအပါအ ဝင် စစ်ကော်မရှင်ကနေ ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲနဲ့ ရှေ့ဆက် လက်တွဲလုပ်ဆောင်နိုင်မယ့် လုပ်ငန်းတွေကို နှစ်ဘက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆွေးနွေးပွဲအတွင်း စစ်ကော်မရှင်ပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကို မွန်ပြည်နယ်ကိုယ်စားပြုတဲ့ နှစ်ဘက်အဖွဲ့အနေနဲ့ အတူလက်တွဲဆန့်ကျင်သွားမယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ အသိပေးထားတာ ဖြစ်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီဝင် နိုင်ဘုန်းမြတ်က နှစ်ဘက်တွေ့ဆုံမှုအတွင်း အတုအယောင်ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အတူတကွ ပူးပေါင်းဆန့်ကျင်ကြဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။
ဒါကြောင့် တော်လှန်ရေးအစုအဖွဲ့တွေကြား နိုင်ငံရေးအရ အတူတကွ လုပ်ဆောင်လာနိုင်တာဟာ ပြည်နယ်နိုင်ငံရေးအတွက် တိုးတက်မှုလို့ သူ့အမြင်ကို ဆက်ပြောပါတယ်။
“ကျွန်တော်တို့ အစုအဖွဲ့နှစ်စုသည် စစ်အာဏာရှင်အပါအဝင် အာဏာရှင်ဟူသမျှကို အတူတကွ တွန်းလှန် တိုက်ထုတ်နေကြတဲ့ အဖွဲ့တွေဖြစ်သလို တချိန်တည်းမှာပဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လျှောက်လှမ်းနေကြတာ ဖြစ်တယ်။ ဒီလိုမျိုး တော်လှန်ရေးအစုဖွဲ့တွေကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်လာနိုင်တာ အတူတကွ လက်တွဲ လုပ်ဆောင်လာနိုင်တာဟာ ပြည်နယ်နိုင်ငံရေးအတွက် တိုးတက်မှုတစ်ခုဖြစ်တယ်လို့ သုံးသပ်ပြော ဆိုလိုပါတယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ် စားလှယ်တွေ အခြားအစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကတော့ ပြည် နယ်အတွင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ မွန်လူမျိုးတွေအပါအဝင် အခြားအစုအဖွဲ့တွေနဲ့ စုဖွဲ့ထားတာပါ။
ဒီလိုမျိုး မွန်ပြည်နယ်ကိုယ်စားပြုတဲ့ အစုအဖွဲ့နှစ်ခုကြား တွေ့ဆုံမှုဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရှိခဲ့ပေမယ့် နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့သလို တွေ့ဆုံမှုကိုလည်း အသိပေးကြေညာခြင်း မလုပ်ခဲ့ပါဘူး။
အဲဒီနောက်ပိုင်း စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုအခါမှာ ပထမဆုံးကြိမ် ပြန်လည်တွေ့ဆုံကာ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ငန်းတွေမှာ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။







