"သရက်တပင်ရွာ ဗုံးကြဲခံရမှုဖြစ်စဉ်က ကျောင်းသားမိခင်တွေရဲ့ ရင်ကွဲသံ"

"သရက်တပင်ရွာ ဗုံးကြဲခံရမှုဖြစ်စဉ်က ကျောင်းသားမိခင်တွေရဲ့ ရင်ကွဲသံ"

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနှင့် အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းအား စက်တင်ဘာ ၁၂ ရက်၊ ည ၁ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးနှစ်လုံးဗုံးကြဲမှုအတွင်း ကျောင်းသား/ သူ ၂၀ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ကျောင်းသား/သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့်အပေါ် ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြား ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကလည်း ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

ယင်းဖြစ်စဉ်တွင် ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မောင်တော၊ မြေပုံ၊ စစ်တွေ စသည့်မြိုနယ်များမှ ဒေသခံနှင့် စစ်ဘေးရှောင် ကျောင်သား/သူများ သေဆုံး၊ ဒဏ်ရရှိခဲ့ပြီး အသက် ၁၈ နှစ်အောက် ကျောင်းသား/သူ ၂၅ ဦး အထိ ပါဝင်ကြောင်း သိရသည်။ ထိုသို့ ကျောင်းသား/သူများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် မိသားစုဝင်များ၏ ခံစားချက် စကားသံများကို DMG မှ မေးမြန်းတင်ဆက်ပေးလိုက်သည်။

ဒေါ်မသောင်းနု (သေဆုံးသူ မခင်ခင်ကျော်၏ မိခင်) မင်းသားတောင်ကျေးရွာ၊ ကျောက်တော်မြို့နယ်

၁၂ တန်း စာမေးပွဲဖြေဖို့ Form လည်းကျပြီ။ ခုံနံပါတ်လည်း ရပြီ။ ထမင်းချိုင့်ပို့တဲ့ လူနဲ့ ပိုက်ဆံနှစ်သောင်း ထည့်လိုက် အမေ၊ မနက်ဖြန် အိမ်ပြန်လာရင် တူမလေးတွေအတွက် မုန့်ဝယ်လာရအောင်ဆိုပြီး စာထည့်လိုက်တယ်။ မနက်မိုးလင်းရင် လာမှာကို မိုးမလင်းခင် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးချတဲ့အထဲမှာ ကျမတို့ သမီးလေးပါသွားတယ်။ အမေဖြစ်တဲ့ ကျမက သူတို့ကို ဘယ်လို ကျေနပ်ရမလဲ။ စာဖတ်ပြီးလို့ အိပ်နေတဲ့အချိန်မှာ ပါသွားတာ။ ဦးခေါင်းခွံတစ်ခြမ်း ပါသွားတာ။ နဖူးကနေ နောက်ကိုထိ ဦးခေါင်းခွံ ပြဲသွားတာကို တိတ်နဲ့ကပ်ပြီး သင်္ဂြိုလ်လိုက်ရတယ်။

မဦးမြယဉ် (သေဆုံးသူ မလှနှင်းနွယ်၏ မိသားစုဝင်) မင်းသားတောင်ကျေးရွာ၊ ကျောက်တော်မြို့နယ်

ညီမလေး ဘာမှ မပူနဲ့။ ၁၂ တန်းအောင်အောင်ပဲ ကြိုးစားဆိုပြီး အားပေးထားတာ။ စာပဲ ကြိုးစားခိုင်းထားတာ။ ဒါပေမဲ့ အခုအချိန်မှာ သူတို့(စစ်ကောင်စီ) ရက်စက်မှုကြောင့် အဖြစ်ဆိုးနဲ့ ညီမလေး ဆုံးသွားတယ်။ ညီမလေးမှာ မျှော်လင့်ချက်တွေ အများကြီး ရှိခဲ့တယ်။ ညီမလေးမဆုံးခင် ဒဏ်ရာတွေနဲ့ အော်နေခဲ့သေးတယ်လို့ သူ့သူငယ်ချင်းက ပြောပြတယ်။ အမေ၊ အမေ ဆိုပြီး လှေကားမှာ မှီပြီး အော်နေခဲ့တာ။ သူ့သူငယ်ချင်းက ပြောပြတာ။ သူလည်း အခု သူ့သူငယ်ချင်းကို မကယ်နိုင်ခဲ့လို့ဆိုပြီး အခုထိ နောင်တရနေတယ်။ ညီမလေးက သူ အရမ်းနာတယ်။ ရွာသားတွေ ကယ်ကြပါလို့ အော်နေခဲ့တယ်။ အိမ်အနီးမှာသာ ဖြစ်ခဲ့တာဆိုရင် ကျမတို့ ကယ်လိုက်နိုင်မှာ။ အသက်ရှင်ခဲ့မှာ။ မရှိတဲ့ကြားက မိသားစုတွေ ဝိုင်းဝန်းပြီး ပညာသင်ပေးထားတာ။ ပညာတတ်ဖြစ်မြောက်ဖို့ အချိန်ကို ရောက်ခါနီးမှ ညီမလေးကို ဆုံးရှုံးရတယ်။ ဒါတွေဟာ တရားရဲ့လားလို့ ကျမတို့ဘက်က ဝင်ကြည့်ပေးကြပါ။

ဒေါ်မနီခိုင် (သေဆုံးသူ မောင်မြင့်မြတ်စိုး၏ မိခင်)

မဆုံးခင် အဲဒီနေ့ နေ့လယ်ပိုင်းက ဘော်ဒါဆောင်က သားဆီကို သွားခဲ့သေးတယ်။ အမေ့ကို သတိရတယ်ဆိုပြီး ကျမပါးကို တစ်တစ်ချက် နမ်းခဲ့တယ်။ ပါးတစ်ဘက်ကို နမ်းရင် ပိုက်ဆံတစ်သောင်း ပေးရမယ်လို့ အမေကို စနောက်တယ်။ ပါးနှစ်ဖက်ကို နမ်းလို့ ပိုက်ဆံ နှစ်သောင်းပေးခဲ့တယ်။ အဲဒီနေ့ ညမှာပဲ အခုလို ဖြစ်သွားတာ။ ဘယ်နားက ဘယ်လို နာသွားသေးလဲဆိုတာကိုလည်း မမေးလိုက်ရဘူး။ သားငယ်လေး ဘယ်လို ခံစားနေခဲ့ရမလဲ။ ရှင်လည်း မပြုပေးလိုက်ရသေးဘူး။ မဆုံးခင် သူ့အစ်ကိုကို ပြောခဲ့တာ ရှိတယ်။ ကိုကို စာမေးပွဲအောင်အောင်ဖြေ၊ ကိုကိုလည်း ပညာတတ်၊ ညီလည်း ပညာတတ်ရင် အဖေမရှိရင်လည်း အမေ့ကို လုပ်ကျွေးနိုင်ပြီလို့ ပြောခဲ့တယ်။ ဒီစကားတွေကို ဘယ်လိုမေ့နိုင်မှာလဲ။

မနွယ်မာဆန်း (သေဆုံးသူ မခင်ခင်ကျော်၏ မိသားစုဝင်)

မင်းအောင်လှိုင် (စစ်ခေါင်းဆောင်)ကို သတ်ချင်တယ်။ ဒီလိုအဖြစ်မျိုး ဘယ်သူ့ကိုမှ ထပ်မကြုံစေချင်တော့ဘူး။ စစ်ကောင်စီကို ဖြုတ်ချနိုင်မယ့်လူတွေလည်း အမြန်ဆုံး ပေါ်လာပါစေလို့ ဆုတောင်းတယ်။

ဦးအောင်ထွန်းစံ (ဒေသခံ) မင်းသားတောင်ကျေးရွာ၊ ကျောက်တော်မြို့နယ်

အခုလို ကြယ်ပွင့်လေးတွေ ကြွေကျသွားတာ၊ နောက်အနာဂတ် လာမယ့်မျိုးဆက်သစ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို ဘယ်လိုမှ မကျေနပ်ဘူး။ ဒီကလေးတွေဟာ ပညာလမ်းကြောင်းကို လျှောက်လာလို့ ဆယ်တန်းအထိ ရောက်နေကြပြီ၊ ၁၂ တန်းရောက်ရင် တစ်ပိုင်းတစ်စ ဆုံးပြီ။ ဆရာဝန် ဖြစ်လာကြမလား။ ကျောင်းဆရာ ဖြစ်ကြမလား ရှေ့အနာဂတ်အတွက် လူကောင်းလေးတွေ ဖြစ်လာမှာကို သတ်ဖြတ်တာဟာ ဆွေမျိုး၊ လူ့အသိုင်းအဝိုင်း ရခိုင်တစ်မျိုးလုံးကိုလုပ်တာဟာ ဝမ်းနည်းဖို့လည်း ကောင်းတယ်။

ဒါတွေကို ထိထိရောက်ရောက် စစ်ဆေးပြီး အရေးယူသွားဖို့ ပြောချင်တယ်။ ဒါက မဟုတ်တဲ့ အလုပ်ပဲ။ လူမျိုးတုံးသတ်ဖြတ်တဲ့ အထဲကမှ အနာဂတ်ကြယ်ပွင့် လေးတွေကို ဆက်တိုက်သတ်ဖြတ်ဦးမှာကို မဖြစ်စေချင်ဘူး။ ဒီကလေးတွေကိုသတ်ဖြတ်ဖို့၊ ဒီကျောင်းနှစ် ဆောင်ကို ဗုံးကြဲဖို့ ညွှန်ကြားတဲ့ လူတွေကို ရှာဖွေအရေးယူပြီး ရှင်းလင်းပေးဖို့ ပြောချင်တယ်။ အခု ရုရှားတို့၊ တရုတ်တို့က လက်နက်ကြီးတွေ၊ ဗုံးတွေ၊ လူသေလောက်အောင် ပစ်ခတ်တဲ့ လက်နက်တွေကို ပေးနေတာကို ရပ်မှ ကောင်းမယ်။ ထပ်ပေးနေရင် လူတွေ ထပ်သေနေဦးမှာ။ ဒါက လူမျိုးတုံးသတ်ဖြတ် နေတာလို့ မြင်တယ်။ အဲဒီနိုင်ငံတွေက လက်နက်ထောက်ပံ့တာတွေကို ရပ်စေချင်တယ်။ ဟန့်တားပေးနိုင်တဲ့ လူကြီးတွေအနေနဲ့ ဟန့်တား ပေးစေချင်တယ်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...