ချင်းကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးရုံ၊ ဆေးခန်းများတွင် ချင်းပြည်သူအားလုံး ဆေးဝါးကုသနိုင်ဟု ဆို

ချင်းကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးရုံ၊ ဆေးခန်းများတွင် ချင်းပြည်သူအားလုံး ဆေးဝါးကုသနိုင်ဟု ဆို

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများသည် ချင်းပြည်သူ အားလုံးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ပြီး ချင်းတော်လှန်ရေးအဖွဲ့များ ကွဲပြဲမှုက ကျန်းမာရေး ဝန်ဆောင်မှုအပေါ် သက် ရောက်မှုရှိမှာ မဟုတ်ကြောင်း ချင်းကျန်းမာရေးဝန်ကြီးက ပြောသည်။

“ကျမတို့ကတော့ ကျန်းမာရေးဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဆီကို လာတဲ့ မည်သူ့ကိုမဆို ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။ ပြီးတော့ ဥပမာ - ကျမတို့ရဲ့ သူနာပြုသင်တန်းကျောင်းမှာ ဆိုရင်လည်း ကျမတို့ area မှာ မရှိသောသူတွေ၊ သူတို့ဆီကနေလည်း လာတက်ကြတယ်။ ကျမတို့ လက်ခံပါတယ်။ ဘာလို့ဆို ချင်းကတော့ ဘယ်လိုပဲကွဲကွဲ၊ ကျမတို့က တနေ့မှာ ပြန်တော့စုစည်းမှာ ဖြစ်တယ်၊ ကိုယ့်ညီအစ်ကို မောင်နှမတွေ ဖြစ်တဲ့အတွက်ကြောင့် ဒါက အားလုံးအတွက် ဖြစ်တယ်၊ ကျန်းမာရေးဝန်ဆောင်မှုကိုလည်း မခွဲခြားပါဘူး” ဟု ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Dr. Sharon Par က ပြောသည်။

ယမန်နှစ်က ချင်းပြည်နယ်တွင် ချင်းကျန်းမာရေးဝန်ကြီးဌာနသည် နေရာ ၇ ခုကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ၁၀ နေရာအထိ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်နှင့် လာမည်နှစ်များတွင်လည်း အခြားဒေသများကို သွားရောက်နိုင်ရေး အစီအစဉ်ရှိသည်ဟု ချင်းကျန်းမာရေးဝန်ကြီးက Chinland Channel နှင့် အင်တာဗျူးမှာ ဖြေကြားသည်။

ချင်းပြည်သူများသည် ဆေးဝါးများ ဈေးကြီးမှုနှင့် ငွေကြေးမတတ်နိုင်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အခက်အခဲများ စွာ ကြုံတွေ့နေရသည်ဟု သိရသည်။

“အခုလောလောဆယ် အခက်အခဲတွေက ဆေးဝါးတွေက အရမ်းစျေးကြီးလာတယ်။ သယ်ယူပို့ဆောင်စားရိတ် တွေကလည်း တအားများ လာတဲ့ အခါကျတော့ ပြည်သူလူထုအနေနဲ့ ဆေးကုသမှု ခံယူဖို့အရေးကို ကိုယ့်အိတ် ကိုယ်စိုက်ရတဲ့ ပမာဏက အရမ်းများလာပါတယ်။ ဆိုတော့ ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် သုံးရတဲ့ ငွေပမာဏ တအားများတဲ့အတွက်ကြောင့် ကျမတို့ကို ဆင်းရဲတွင်း ပိုနက်စေတယ်ပေါ့နော်။ ကိုယ်လိုချင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ့်အနီးနားမှာ လိုချင်တဲ့အချိန် မရတဲ့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု တဖြည်းဖြည်း ပိုဆိုးရွားလာနိုင်တယ်ပေါ့နော်၊ အဲ့လိုမဖြစ်အောင် ကျမတို့ အစိုးရဘက်က ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အခြားအဖွဲ့အစည်းများကလဲ ပံ့ပိုးကူညီဖို့၊ ချိတ်ဆက်နိုင်ဖို့ အလွန်အရေးကြီး ပါတယ်” ဟု ချင်းကျန်းမာရေးဝန်ကြီးက ပြောသည်။

ချင်းပြည်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနကို ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မြို့နယ်/ ဒေသန္တရ ကျန်းမာရေးဌာန၊ ဆေးရုံနှင့် ပြည်သူ့ကျန်းမာရေးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးကော်မတီ စသဖြင့် အဆင့်ဆင့် ဖွဲစည်းထားသည်ဟု သိရသည်။

ချင်းကျန်းမာရေးဝန်ကြီးဌာနသည် ချင်းပြည်အတွင်း ကျန်းမာရေး မူဝါဒနှင့် လမ်းညွန်ချက်များကို ရေးဆွဲအကောင်အထည် ဖော်နေပြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ရှားပါးမှုကိုလည်း ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

လက်ရှိတွင် သူနာပြု ဆရာမများ မွေးထုတ်နိုင်ရေးအတွက် NUG အစိုးရ၊ ကျန်မားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သူနာပြုကျောင်းဖွင့်လှစ်၍ သူနာပြု ၅၇ ဦးကို သင်တန်းပေးလျက်ရှိပြီး လာမည့် နိုဝင်ဘာလတွင် ဒုတိယအသုတ် ထပ်မံဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF အစုအဖွဲ့နှင့် မြို့နယ်နှင့် ဒေသန္တရ အစုအဖွဲ့မှ ၁၈ ဖွဲ့တို့ ပါဝင်သည်ဟု သိရသည်။

လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးတွင် ချင်းတော်လှန်ရေးအင်အာစုများသည် ချင်းလဲန်ကောင်စီ၊ ချင်းပြည်အစိုးရနှင့် ICNCC ၊ ချင်းညီနောင်ဟူ၍ နှစ်ဖွဲ့ကွဲပြီး ၎င်းတို့သည် အုပ်ချုပ်ရေးယန္တရာများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

photo credit - CJ

Most read this week

January 23, 2026
တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသား လူမျိုးစု အားလုံးအတွက်...
January 22, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင်...
January 21, 2026
မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်...
January 20, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗလီကျောင်းတက်ရန်သွားသည့် ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က...