ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုထဲက မှော်တောင်းနဲ့ ဆန်းကြွယ်ကျေးရွာ နှစ်ခုစလုံးကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူလိုက်ပြီလို့ သိရပါတယ်။
စက်တင်ဘာလဆန်းပိုင်းကနေ ဆိုင်းတောင် မှော်တောင်း၊ ဆန်းကြွယ်နဲ့ အေးမြသာယာအုပ်စု ရှရော်ခ ညောင်ပင်ကုန်း နှစ်နေရာကို တစ်ပြိုင်နက် မြေပြင်စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုနဲ့ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆန်းကြွယ်၊ မှော်တောင်း ကျေးရွာ နှစ်ခုကို လက်လွတ်လိုက်ရပြီး စစ်တပ်က ဝင်ရောက်နေရာယူလိုက်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုအတည်ပြုပါတယ်။
“ရှရော်ခ ညောင်ပင်ကုန်း နဲ့ မှော်တောင်း ၊ ဆန်းကြွယ် တစ်ပြိုင်နက် စစ်ကြောင်းထိုးနေတာဟုတ်တယ်။ ဒရုန်းနဲ့ ပစ်တယ်။ တပ်မကုန်းကနေ လက်နက်ကြီးပစ်ကူတယ်။ လက်ရှိတော့ ရှရော်ခ ညောင်ပင်ကုန်းကိုတော့ မရသေးဘူး ဒါပေမယ့် ဆန်းကြွယ်၊ မှော်တောင်း ကျေးရွာတွေက လက်လွတ်လိုက်ရတဲ့ အနေအထားမှာ ရောက်သွားပြီ။ ဘုရားကုန်းပေါ်ကို တက်သွားနိုင်သလို ကျေးရွာ နေအိမ်တွေမှာလည်း ဝင်ရောက် နေရာယူလိုက်ပြီလို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။
ဒရုန်းလက်နက်ကြီးတွေကို ဆက်တိုက်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းထိုးလာတာကြောင့် ဆန်းကြွယ်နဲ့ မှော်တောင်း ဝင်ပေါက်မှာ ဂိတ်ချထားတဲ့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်နေရာတွေကိုလည်း ဖယ်လိုက်ရတယ်လို့ သိရပါတယ်။
ဆိုင်းတောင်ကျေးရွာအုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ခုဟာ ရွာချင်းကပ်ဖြစ်ပြီး မှော်တောင်းကျေးရွာက ရွာအဝင်မှာဖြစ်သလို ဆန်းကြွယ်ကျေးရွာက အထက်ပိုင်း တောင်ကုန်းနေရာမှာ တည်ရှိနေတာဖြစ်ပါတယ်။
နောက်ထပ် စစ်တပ် တပြိုင်နက် ထိုးစစ်တိုက်ခိုက်နေတဲ့ ရှရော်ခ ညောင်ပင်ကုန်းကျေးရွာက မှော်တောင်း၊ ဆန်းကြွယ် ကျေးရွာ နှစ်ခုရဲ့ အထက်ပိုင်းမှာ တည်ရှိနေပြီး ဖားကန့်မြို့ရဲ့ အေးမြသာယာကျေးရွာအုပ်စုမှာ ပါဝင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လအထိ ဖားကန့်ဒေသအတွက် အရေးပါတဲ့ ကားမိုင်း – နန့်ယားလမ်း၊ လုံးခင်းကျေးရွာအုပ်စုရှိ ကျေးရွာတွေမှာ ဝင်ရောက်နေရာယူလိုက်ပြီးနောက် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာဘက်ကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဖားကန့်ပြည်သူတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်တွေဟာ လာမယ့် ရွေးကောက်ပွဲကျင်းပဖို့ မတိုင်မှီ ဖားကန့်ဒေသအတွက် အဓိက အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ လုံးခင်း၊ ဆိုင်းတောင်နဲ့ ဖားကန့်မြို့တွင်းအားလုံးကို အပြီးသတ်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
ဖားကန့်မှာ စစ်တပ်က ဒရုန်းလက်နက်ကြီး အဆက်တိုက်ပစ်ခတ်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်မရှီကထောင်က အမျိုးသမီးတစ်ဦးက “ဒီမနက် ၄ နာရီနဲ့ ၅ နာရီကြားမှာ လက်နက်ကြီးသံတွေ အကျယ်ကြီးကြားနေရပြီ။ ကျမတို့ နေတဲ့ မရှီကထောင်ကနေ ဒရုန်လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေကြတယ်။ နောက် ဆန်ကြွယ်ဘုရားကုန်းဘက်မှာလည်း ဒရုန်းလက်နက်ကြီးသံ ဆက်တိုက်ကြားနေရတယ်။ ဆန်းကြွယ်ဘုရားကုန်းက စစ်တပ်က ထိုင်ချင်လို့ ရအောင်ထိုးဝင်ဖို့ လုပ်နေတာ။ နောက်ပြီး ရှရော်ခညောင်ပင်ကုန်းလည်းပါတယ်။ အဲ့ကြောင့် အဲ့ဒီနှစ်နေရာ စလုံးမှာ နေ့တိုင်းလိုလို လက်နက်ကြီး ပစ်ထည့်နေတာ”လို့ပြောပါတယ်။
ဒါကြောင့် စစ်တပ်ရဲ့ စစ်ရေးဗျူဟာအရ လက်ရှိမှာ ဆိုင်းတောင်ကျေးရွာကို ပြန်လည်ရရှိဖို့ စက်တင်ဘာလ အတွင်းကနေ လက်နက်ကြီးတွေ နေ့ည မပြတ်ပစ်ခတ်ပြီး ဖားကန့်ဒေသအတွင်း ပို့ချထားတဲ့ စစ်အင်အားအပြင် နောက်ထပ် မိုးကောင်းမြို့နယ်ဘက်ကလည်း စစ်အင်အားတွေ ထပ်မံပို့ဆောင်ပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်က ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာ နှစ်ခုကို ရရှိဖို့ စက်တင်ဘာလ ၁၅ ရက်နေ့ကနေ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုးဝင်ကာ ဒီကနေ့ ၁၇ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဆန်းကြွယ်၊ မှော်တောင်းတိုက်ပွဲအတွင်းမှာ ဆိုင်းဂျာဘွမ့်ကျေးရွာက အသက် ၅၀ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ဆန်းကြွယ်ကျေးရွာအအနောက်ဘက်ခြမ်း မနကျေးရွာက ပြည်သူတစ်ဦး သေဆုံးတဲ့အပြင် ရှရော်ခကျေးရွာက စစ်ရှောင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရှရော်ခညောင်ပင်ကုန်းဘက်မှာက KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းထိုးဖောက်လို့မရသေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဖားကန့် စစ်ရေးသတင်းအရင်းအမြစ်တွေပြောပါတယ်။
ဖားကန့်ဒေသထဲက လက်လွတ်ထားတဲ့ နေရာတွေကို နိုဝင်ဘာလမတိုင်မှီ စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာကြောင့် နှစ်ဖက်တပ် စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်နေတာ ၄ လကျော်ခန့် ကြာမြင့်လာပြီ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့မှာလည်း စစ်တပ်က မိုးကောင်းမြို့နယ်ဘက်ကနေ ကားမိုင်းလမ်းအတိုင်း စစ်အင်အားပါရှိတဲ့ စစ်ကား ၈ စီးထပ်တက်လာပြီး ဖားကန့် အဝင် ဝရှိ ယမ်းချက်စက်ရုံမှာ စစ်ကား ၆ စီးဝင်ရောက်သွားတယ်လို့ ဆက်သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ၊ မေလအတွင်းကနေ ကားမိုင်းလမ်းကို အသုံးပြုပြီး ဖားကန့်ထဲကို စစ်အင်အားပို့ချနေတာ ယခု စက်တင်ဘာလအထိ ၅ ကြိမ်ခန့်အထိရှိလာပြီး စစ်အင်အား ထောင်နဲချီ အင်အားပို့ချထားပြီဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေက စစ်မျက်နှာ ၃ ခုကနေ အရေးပါတဲ့ လမ်းကြောင်းနေရာတွေပိတ်ဆို့ပြီး ဖားကန့်ဒေသအတွက် အရေးပါတဲ့ မော်မော်ဘွမ့်၊ လမောင်ကုန်းနဲ့ ဆန်းကြွယ်ဘုရားကုန်း၊ ရှရော်ခ ညောင်ပင်ကုန်း စတဲ့ တောင်ကုန်းနေရာတွေကို တပ်အထိုင်ချနိုင်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာ နှစ်ခုတည်ရှိတဲ့ ဆိုင်းတောင်ကျေးရွာအုပ်စု တစ်ခုလုံးကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလလောက်မှာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။







