သရက်ချောင်းမြို့နယ်တွင် နေအိမ်ပေါင်း ၄၀ ခန့်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

သရက်ချောင်းမြို့နယ်တွင် နေအိမ်ပေါင်း ၄၀ ခန့်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-မြိတ်လမ်းပိုင်းပေါ်ရှိ သရက်ချောင်းမြို့နယ် ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ နေအိမ်ပေါင်း အလုံး ၄၀ ခန့်ကို စစ်ကော်မရှင်တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းအချိန်က ဒေသခံတဝက်နီးပါး စစ်ရှောင်နေကြသည့် ရန်တောင်နှင့် သင်းကျွန်ရွာရှိ နေအိမ်များကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တို့က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် ရန်တောင်ကျေးရွာတွင် နေအိမ်ပေါင်း ၃၀ ခန့်နှင့် သင်းကျွန်းကျေးရွာတွင် နေအိမ်ပေါင်း ၈ လုံး မီးလောင်ပျက်စီးခဲ့ရသည်။

ရန်တောင်ကျေးရွာဘက်ကို စစ်ကော်မရှင်တပ်တို့က စစ်ကြောင်းထိုးလာစဉ် ကျေးရွာအဝင်လမ်းတွင် ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တို့က မိုင်းခွဲခြင်း၊ ကြားဖြတ်တိုက်ခဲ့ပြီနောက် ရန်တောင်နှင့် သင်ကျွန်းရွာကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တို့က မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက ပြောသည်။

“အဲဒီမီးရှို့ခံရတဲ့ရွာတွေက ဘာတိုက်ပွဲမှ မရှိဘူး။ လူတစ်ချို့နေထိုင်နေကြတာ ရှိတယ်။ အဲနေ့(စက်တင်ဘာ ၇) က သူတို့ စစ်ကြောင်းလာတော့ အဲဒီရန်တောင်ရွာအဝင်နားမှာ မိုင်းဆွဲခံထိတယ်။ ပစ်ခံထိသွားတာပေါ့လေ။

အဲဒီလို ပစ်ခံထိပြီးတော့ ရွာတွေထဲကို ဝင်လာပြီးတော့ နေအိမ်တွေကို မီးရှိုးဖျက်ဆီးသွားတာ” ဟု ကိုဘွန်းက ပြောသည်။

စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ လူနေထိုင်မှုမရှိသည့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“အဲရွာတွေဘက်မှာတော့ လူတွေ သိပ်ပြီးတော့ မနေကြတော့ဘူး။ ထိုင်းတို့၊ မလေးရှားတို့ ထွက်သွားကုန်ကြတယ်လေ။ စစ်ရှောင်ရွာလည်း မဟုတ်ဘူး။ လူတွေ ပုံမှန်နေထိုင်တဲ့ရွာတွေပါပဲ။ ဒါပေမဲ့ ဒေသတွင်း မတည်ငြိမ်လို့ ရွာတွေမှာ လူနည်းနည်းပဲ ကျန်တယ်။ ပြည်ပတွေကို အလုပ်သွားလုပ်ကိုင်နေကြတာ များတယ်။ အဲဒီ လူမနေတဲ့အိမ်တွေအကုန်လုံးကို မီးရှို့သွားတာပါ” ဟု ကိုဘွန်းက ဆက်ပြောသည်။

စစ်ကော်မရှင်စစ်ကြောင်းက နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာထဲတွင် ခဏတစ်ဖြုတ် တပ်ချနေထိုင်ခဲ့ပြီးနောက် အခြားဒေသဘက်ကို ဆက်လက် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးရွှေကုန်းရွာနှင့် စော်ဖျားရွာကိုလည်း စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်လာချိန် နေအိမ် အလုံး ၇၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

July 7, 2026
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန်...
July 7, 2026
မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က...
July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...
July 6, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ ပိတ်သိမ်းရန်...