ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ်တခုမှ တခု ရွှေ့ပြောင်းရာတွင် ဘိုင်ကျန့်အော်ဟုခေါ်သည့် အလုပ်ရွှေ့ပြောင်းစာ မလိုတော့ဘဲ ရွှေ့ပြောင်းနိုင်စေရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ဖြေလျော့ပေးလိုက်ပြီဖြစ်သည်။
ဘိုင်ကျန့်အော် မလိုဘဲ အလုပ်တနေရာမှ တနေရာ ရွှေ့ပြောင်းနိုင်သည့်အကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ နိုင်ငံခြားအလုပ်သမားညွန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၂၀ ရက်တွင် တရားဝင် ထုတ်ပြန်ထားသည်။
ဘိုင်ကျန့်အော်ဆိုသည်မှာ အလုပ်တနေရာမှ တနေရာ ရွှေ့ပြောင်းလိုပါက ယခင်အလုပ်ရှင်အဟောင်းက အလုပ်သမားအား အလုပ်မှ ထွက်ခွင့်ပြုလိုက်ကြောင်း၊ အလုပ်ပြောင်းရွှေ့ခွင့်ပြုကြောင်း စာရွက်စာတမ်း၊ အထောက်အထားဖြစ်သည်။
ယခင်ကာလက အဆိုပါ စာရွက်စာတမ်းမှာ အလုပ်ရွှေ့ပြောင်းရန်အတွက် မဖြစ်မနေ လိုအပ်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် MHAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက မဇ္ဈိမသို့ ပြောသည်။
“ထုံးစံအတိုင်း ရုံးကဏ္ဍတွေကနေတော့ သူတို့စာရွက်စာတမ်း ပို့တာမျိုးရှိတယ်။ အရင်တုန်းကလိုမျိုး အလုပ်တခု သွားလျှောက်တဲ့အခါ ဒီဘိုင်ကျန့်အော် စာရွက်ကြီး တွဲယူသွားစရာ မလိုတော့ဘူး။ ဒီကြေညာချက်က ထုတ်ထားဖူးတာ ကြာပါပြီ။ ဒါပေမယ့် အခုမှ သေချာ၊ ဒီထိုင်း အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးအသစ် လက်ထက်ကျမှ အသက် ဝင်တယ်လို့ ပြောလို့ရပါတယ်” ဟု ကိုရဲမင်းက ပြောသည်။
အဆိုပါ အလုပ်အရွှေ့အပြောင်းအတွက် လိုအပ်သည့် ဘိုင်ကျန့်အော် စာရွက်စာတမ်းသည် ကာလအားဖြင့် တလ၊ နှစ်လ စသဖြင့် အလုပ်အကိုင်နှင့် အလုပ်ရှင်ပေါ်မူတည်၍ သက်တမ်းရှိသဖြင့် ရွှေ့ပြောင်းလုပ်သားများမှာ အလုပ်အသစ်ရှာရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။
ထို့ပြင် ယခင်က ဘိုင်ကျန့်အော် စာရွက်စာတမ်း မရှိဘဲ အလုပ်ပြောင်း အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ် သားအများစုမှာ ထိုင်းအာဏာပိုင်များ လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးပါက အလုပ်အကိုင်၊ အလုပ်နေရာမတူခြင်းကြောင့်ဟုဆိုကာ ဖမ်းဆီးခံရခြင်းများ ရှိကြောင်း သိရသည်။
“အလုပ်သမားတွေအတွက်ကတော့ အင်မတန်ကောင်းတယ်။ ဒီဘိုင်ကျန့်အော်နဲ့ပတ်သက်ပြီး လုပ်စား၊ ထုတ်စားနေတဲ့သူတွေအတွက်ကတော့ သတင်းဆိုးဖြစ်သွားတယ်” ဟု ကိုရဲမင်းက ဆက်ပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက စာထုတ်ပြန်သည့် ကာလမှစ၍ အဆိုပါ ထုတ်ပြန်ကြေညာချက်သည် အသက်ဝင်ပြီဖြစ်ကြောင်းလည်း ကိုရဲမင်းက ပြောသည်။
ယခုကဲ့သို့ ဘိုင်ကျန့်အော် စာရွက် မလိုတော့ခြင်းကြောင့် လုပ်ငန်းခွင်အတွင်း လုံခြုံစွာ အလုပ်လုပ်စေနိုင်သကဲ့သို့ အလုပ်ပြောင်းရွှေ့ရာတွင်လည်း အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သား များက ပြောသည်။
“တော်တော်လေးကောင်းသွားတယ်။ တခါတခါ ကျန့်အော်ကျန့်ခေါက် လုပ်မယ်ဆို ဘတ် ၃၀၀၀၊ ၄၀၀၀ လောက် အသာလေးကုန်တာ။ ပြီးတော့ သူက သက်တမ်းရှိတယ်လေ၊ အဲ့ဒီကာလအတွင်း အလုပ်မရှာနိုင်ရင် ဒီဝေါ့ပါမစ်က အကုန်သေကုန်မှာဆိုတော့ တော်တော်လေး ကြပ်တယ် လုပ်ရကိုင်ရတာ” ဟု ရွှေ့ပြောင်းလုပ်သားတဦးက ပြော သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘိုင်ကျန့်အော်ထုတ်ခြင်းသည် အလုပ်သမားနှင့် အလုပ်ရှင်အသစ်၏ တာဝန်မဟုတ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းထားသည်ထက် စာရွက်စာတမ်း ပိုမိုတောင်းခံခြင်းသည် စာရွက် စာတမ်း တောင်းဆိုပိုင်ခွင့်အား အလွဲသုံးစား ပြုလုပ်ခြင်းဖြစ်ပြီး အများပြည်သူအား မလိုအပ်ဘဲ ဝန်ထုတ်ဝန်ပိုးဖြစ်စေသောကြောင့် အလုပ်ရှင်အပြောင်းအလဲအား အကြောင်းကြားရန် မလိုအပ်တော့ကြောင်း ဖော်ပြထားသည်။
ယခုထုတ်ပြန်ချက်သည် ထိုင်းတွင် အလုပ်လုပ်ခွင့် ရရှိပြီးသည့် ရွှေ့ပြောင်းအလုပ်သမား အားလုံးအတွက် အကျုံးဝင်သော်လည်း MOU အလုပ်သမားများအတွက်ပါ အကျုံးဝင်ခြင်း ရှိမရှိအား မသိရသေးပါ။







