ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော
Photo - CJ
Photo - CJ

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။

“ဗန်းမော်မှာ သီးခြားတပ်နေရာ သိမ်းပိုက်နိုင်တာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့မရပ်ကွက်ဖြစ်တဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ် ၊ စုပေါင်းရုံးဘက်ခြမ်းမှာ တိုက်ပွဲက ပိုပြီးပြင်းထန်နေတယ်။ ဒါပြီးရင် တာမိုင်းလုံ၊ ဗန်းမော် တက္ကသိုလ်ဝင်း နဲ့ မင်းလှဘက်က နေ့တိုင်းလို တိုက်ပွဲဖြစ်နေတယ်” လို့ KIO

ပြန်ကြားရေးတာဝန်ခံ  ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ 

ယခုရက်ပိုင်းအတွင်းKIA တပ်တွေ လက်လွတ်လိုက်ရတဲ့ အမတ (၃၆၆) နေရာကို ပြန်လည်ရယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာ အမှန်တကယ် သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေ ရောက်ရှိသွားပြီးနောက် ဩဂုတ်လဆန်းပိုင်းအတွင်းကနေ တိုက်ပွဲပြန်လည်ပြင်းထန်နေတာဖြစ်ပါတယ်။

စစ်တပ်က ပြန်ပြီးထိုးစစ်ဆင် စတင်လိုက်တဲ့ ဗန်းမော်တိုက်ပွဲမှာ လေကြောင်းအပြင် သံချပ်ကာနဲ့ Sucide ဒရုန်းကို အဓိကအသုံးပြုကာ တိုက်ခိုက်နေတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ သိမ်းပိုက်ထားတဲ့ အမတ (၃၆၆) နဲ့ လေယာဉ်ကွင်း နေရာတွေကို KIA နဲ့ တော်လှန်ရေးပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ အပတ်မှာပဲ လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် စစ်အင်အားအပါ စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းတင်တဲ့ စစ်သင်္ဘောတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်မှာ တစ်ကြိမ်၊ ၂၂ ရက်မှာ တစ်ကြိမ် နှစ်သုပ်ခွဲပြီး စစ်သင်္ဘော အစီး ၂၀ ကျော် ဗန်းမော်ကို တင်ပို့ထားနိုင်ပါတယ်။

စစ်သင်္ဘောတွေ ဇွန်လကစပြီး မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တာဖြစ်ပြီး ဗန်းမော်ကို ရောက်ရှိနိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေ ကသာ၊ ရွှေကူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လေကြောင်းအကူနဲ့ ဆန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်က တန်ပြန် ထိုးစစ်ဆင်ကာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

စစ်တပ်ရဲ့ ပြန်လည်ထိုးစစ်အတွင်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သိမ်းပိုက်ထားတဲ့ နေရာတွေကို ပြန်လည်လက်လွတ်လိုက်ရတဲ့ အခြေအနေဟာ မိုးတွင်းကာလနေရာရယူဖို့ ခက်ခဲတဲ့အတွက်ဖြစ်နိုင်တယ်လို့ ကချင်စစ်ရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက အခုလိုသုံးသပ် ထားပါတယ်။

“စစ်တပ် မိုးတွင်းကာလမှာ စစ်သင်္ဘောတွေကို ရောက်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒါကြောင့် ထိုးစစ် ပြန်လုပ်လာတယ်။ မိုးတွင်းကာလက တစ်ဖက်မှာ စစ်တပ်အတွက် ကောင်းပေမယ့် KIA အတွက်တော့ နည်းနည်းခက်ခဲလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဗန်းမော်က မြေနိမ့်တဲ့ နေရာတွေဖြစ်တယ်။ ရေဝပ်တဲ့ နေရာများတယ်။ ပြီးတော့ ရေကြီးလာရင် ကတုတ်ကျင်းတူးဖော်ဖို့ မလွယ်ဘူး။ အဲဒီအတွက်ကြောင့်လည်း စစ်တပ်က စစ်ဆင်ရေးလုပ်နေတယ်လို့လည်းမြင်တယ်။ KIA တပ်တွေနေရာယူထားတဲ့ အိမ်တွေကြတော့ စစ်တပ်က လေကြောင်းနဲ့ ဖျက်ဆီးပေးလိုက်တယ်။ ဒါကြောင့်လည်း လေယာဉ်ကွင်းလို နေရာတွေကို လက်လွတ်လိုက်ရတဲ့အခြေအနေထိဖြစ်လာရတယ်”လို့သုံးသပ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအခြေအနေဟာ မိုးတွင်းအကုန် အောက်တိုဘာလတွေမှာ မြို့သိမ်းတိုက်ပွဲပိုမို ကြီးမား လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့မှာ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ဖြစ်ပွားနေတာ ၈ လ ကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...