တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ယနေ့ (ဩဂုတ် ၁၅ ရက်)ထိ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်အပါအဝင် ရုပ်အလောင်း ၂၁ လောင်း တွေ့ရှိကာ ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း TNLA နှင့်နီးစပ်သည့် သတင်းရင်းမြစ် နှင့် ဒေသခံထံမှ သိရသည်။
ယမန်နေ့ ညပိုင်းအထိ ရုပ်အလောင်း ကိုးလောင်း တွေ့ရပြီး ယနေ့ နေ့ခင်း ၁၁ နာရီခွဲအထိ နောက်ထပ် ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိရပြီး ဒဏ်ရာရရှိသူအနက် နှစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၂၁ ဦး ထိတိုးလာကြောင်း TNLA နှင့်နီးစပ်သူတဦးက ပြောသည်။
“ညက အလောင်းသွားဖော်တာ ကိုးယောက်။ နှစ်ထပ်အိမ်တွေဆိုတော့ ပိနေတော့ ညက ခဏနားပြီး ဒီမနက်သွားဖော်တာ ခုနစ်ယောက် ထပ်တွေ့တယ် တအိမ်မှာ။ နောက်ကျန်တဲ့ နှစ်အိမ်မှာ သူတို့ဆက်ဖော်တာ၊ ကျားမ ခွဲမရသေးဘူး။ တစစီဖြစ်နေလို့” ဟု ၎င်းက ပြောသည်။
သေဆုံးသူများတွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးပါဝင်ပြီး ကလေးမီးဖွားချိန်တွင် အခြားသူများမှ လာရောက်ကြည့်ရှုနေသဖြင့် လူစုလူဝေးဖြစ်နေချိန် ဗုံးကြဲခံရသောကြောင့် လူသေဆုံးမှု များရခြင်းဖြစ်ကြောင်း TNLA နှင့် နီးစပ်သူက ပြောသည်။
“ကလေးမီးဖွားမှာကို သူများတွေက လာကြည့်ပေးကြတာပေါ့။ အဲ့ဒီမှာ စုပုံနေတာ။ ကလေးမွေးမရလို့ ဆရာဝန်သွားခေါ်နေချိန်မှာ အဲ့လိုဖြစ်သွားတာ။ ကလေးမိခင်ရော သူ့ကလေးရော အကုန်သေသွားတာ” ဟု သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ (ဩဂုတ် လ ၁၄ ရက်) ည ၈ နာရီခွဲအချိန်ခန့်တွင် မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်း ကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ရှစ်ဦးသေဆုံးခဲ့ကြောင်း TNLA က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ထိုအရေအတွက်သည် ယမန်နေ့ ညက ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းအရေအတွက်သာ ဖြစ်ကြောင်း ဒေသခံက ပြော သည်။
“မနေ့ညက တွေ့တဲ့ဟာကိုပဲ ထုတ်ထားတာထင်တယ်။ ဒီနေ့မနက်လည်းထပ်တွေ့တယ်။ ၂၀ ကျော်ပြီလို့ ကြားတယ်။ TNLA က ဘာကြောင့် ရှစ်ဦးပဲထုတ်ထားလဲတော့ ကျွန်တော်မသိဘူးပေါ့နော်။ လက်ရှိ ဆုံးတဲ့သူတွေက ပြည်သူတွေချည်းပဲဗျ။ ခုလည်း လုပ်နေတဲ့ (ရှာဖွေကယ်ဆယ်ရေး)သူတွေ ရှိတယ်” ဟု ဒေသခံက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများကို ယနေ့ မွန်းလွဲပိုင်းတွင် သင်္ဂြုဟ်မည်ဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၉ ရက် ညနေပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ အရှေ့ပိုင်းတွင် သံဃာတပါးအပါအဝင် ဒေသခံ ငါးဦး သေဆုံးခဲ့သည်။
စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို ပြန်လည်ရရှိနိုင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လူနေထူထပ်သည့် မြို့ရွာများကို ဦးတည်ချက်ရှိရှိ နေ့စဉ်မပြတ် လေကြောင်းတိုက်ခိုက်မှု လုပ် ဆောင်နေပြီး ဇွန်လမှ ဩဂုတ်လ ၁၃ ရက်နေ့ထိ မိုးကုတ်အပါအဝင် TNLA ထိန်းချုပ်မြို့နယ်များဖြစ်သည့် ကွတ်ခိုင်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချိုမြို့များတွင် လေယာဉ်ဗုံးကြဲခံရမှုကြောင့် ကလေးငယ် ၁၃ ဦးအပါဤတင် အရပ်သား ၅၆ ဦး သေဆုံးခဲ့ရကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း အပါအဝင် တအာင်းအရပ်ဖက်အဖွဲ့အစည်း ခြောက်ခုက ဩဂုတ် ၁၃ ရက်တွင် ပူးတွဲထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်ကော်မရှင်ထံ လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ ပံ့ပိုးပေးနေသည့် နိုင်ငံ၊ လုပ်ငန်းရှင်များအနေဖြင့် ရပ်တန့်ရန်၊ စစ်ကော်မရှင်ကို စီးပွားရေးအရ ကူညီပေးနေသူများနှင့် လက်တွဲ လုပ်ကိုင်နေသည့် နိုင်ငံများကို စီးပွားရေးပိတ်ဆို့ပေးရန်၊ စစ်ကော်မရှင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး၌ အမြန်ဆုံးအရေးယူနိုင်ရေး ဖိအားပေးရန်၊ ပြည်သူများအား ထိရောက်သည့် လူသားချင်းစာနာမှုအကူညီများ ပေးရန် နှင့် ဖက်ဒရယ်ယူနစ်၊ ဒေသန္တရ အစိုးရအဖွဲ့များးနှင့်အတူ လက်တွဲလုပ်ဆောင်ရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် (TCSN) မှ တိုက်တွန်းတောင်းဆိုထားသည်။







