စားဝတ်နေရေးအခက်အခဲကြောင့် စစ်ဘေးရှောင်နေရသည့် ရေဖြူမြို့နယ် မွန်ရွာမှဒေသခံများ နေရပ်ပြန်

စားဝတ်နေရေးအခက်အခဲကြောင့် စစ်ဘေးရှောင်နေရသည့် ရေဖြူမြို့နယ် မွန်ရွာမှဒေသခံများ နေရပ်ပြန်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် နှစ်လကြာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မွန်ရွာ ၄ ရွာမှ စစ်ဘေးရှောင်ပြည်သူအချို့ စားဝတ်နေရေးအခက်ကြောင့် နေရပ်ပြန်လာနေကြသည်ဟု ရေဖြူဒေသခံများထံမှ သိရသည်။

ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် ဇွန်လမှစ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

နှစ်ဖက်တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကော့လှိုင် ကျေးရွာအပါဝင် မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်ကျေးရွာများမှ ဒေသခံပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လက်ရှိ သြဂုတ်လအထိ တိုက်ပွဲဖြစ်ပွားမှုရှိနေသော်လည်း စားဝတ်နေရေးအခက်ခဲကြောင့် စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်လာကြကြောင်း ရေဖြူဒေသခံတစ်ဦးကပြောသည်။

“လက်နက်ကြီးလဲ မပစ်တော့ဘူးဆိုတော့ စစ်ရှောင်တွေကရွာကို ပြန်လာနေပြီ၊ အကုန်လုံးတော့မဟုတ်သေးဘူး၊ အချို့စစ်ရှောင်တွေက မပြန်လာကြတာလည်းရှိတယ် အခြေအနေစောင့်ကြည့်နေတာ၊ အများစုက ကော့လှိုင်ရွာဘက်က‌ပေါ့ အဲနားကတိုက်ပွဲလဲဖြစ်၊ လက်နက်ကြီးလဲ ကျနေတယ်ဆိုတော့လေ မပြန်ကြသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများသည် တောတောင်၊ ဥယျာဉ်ခြံနှင့် နီးစပ်ရာ မြို့ပေါ်၊ ကျေးရွာနှင့် ဆွေမျိုးမိဘများထံ တိမ်းရှောင်နေခဲ့ရသည်။

စစ်ဘေးရှောင်ချိန်တွင် အကူအညီရရှိမှုနည်းသည့်အပြင် စစ်ကောင်စီမှ စားနပ်ရိက္ခာ တင်သွင်းခွင့် ကန့်သတ်ထားသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။

ယနေ့အထိ စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော်နေရပ်သို့ မပြန်နိုင်ကြသေးဘဲ ဆက်လက် တိမ်းရှောင် နေရဆဲဖြစ်သည့်အပြင် ရေး-ထားဝယ်လမ်းပိုင်းအတွင်း စစ်အာဏာရှင်နှင့် တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် တိုက်ပွဲအခြေအနေစိုးရိမ်ရကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“တိုက်ပွဲ‌တွေကငြိမ်နေတယ်ဆိုပေမဲ့ အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်‌ ဘာလို့လဲဆိုတော့ စစ်တပ်ကရော တော်လှန်ရေးဘက်ကရော အခြေအနေတွေကို စောင့်ကြည့်နေဆိုတော့လေ အဲကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်လာမှာကို ‌‌စိုးရိမ်းနေကြတယ် ရှောင်နေတာလဲ ၂ လလောက်တော့ရှိနေပြီးဆိုတော့ စားဝတ်နေရေးတွေအတွက် အခက်ခဲတွေ ဖြစ်လာတော့ မဖြစ်မနေပြန်‌လာနေကြတာ ပြန်ဖြစ်ရင်ပြန်ရှောင်ကြတာပေါ့ဆိုပြီး တချို့က ရွာပြန်လာရတာ” ဟု ၄င်းက ဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရေဖြူမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်နှင့်ဇူလှိုင်လအတွင်း ကလေးငယ်များအပါဝင် ဒေသခံ ၇ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲနှင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သုံးသောင်းကျော်တို့က ယနေ့အချိန်ထိ စစ်ဘေးရှောင်နေကြရကြောင်း FE5 Tanintharyi မှအချက်အလက်အရ သိရသည်။

Photo credit - ဒေါနတနင်္သာရီစစ်ဘေးရှောင်ကူညီရေးအဖွဲ့

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...