သံဖြူဇရပ်မြို့နယ်၊ ထင်းရူးရွာသား ဇနီးမောင်နှံနှစ်ဦး သတ်ဖြတ်ခံရ

သံဖြူဇရပ်မြို့နယ်၊ ထင်းရူးရွာသား ဇနီးမောင်နှံနှစ်ဦး သတ်ဖြတ်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးရွာသား ဇနီးမောင်နှံနှစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံ သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ယမန်နေ့ သြဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က သံဖြူဇရပ်မြို့နယ်၊ လင်မသာကျေးရွာနှင့် ထင်းရူးကျေးရွာအကြားတွင် ဇနီးမောင်နှံနှစ်ဦး သတ်ဖြတ်ခံထားရခြင်း ဖြစ်သည်။

သတ်ဖြတ်ခံရသည့် ဇနီးမောင်နှံနှစ်ဦးသည် အသက် ၃၅ နှစ်အရွယ်ရှိ ထိုက်နီနှင့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ မိညာဏ်တို့ ဖြစ်ပြီး စျေးရောၚ်းရင်း လမ်းတွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် ဒေသတွင်း လောင်းကစားဝိုင်းများကို ဦးဆောင်ဖွင့်လှစ်နေသည့်အပြင် ဝက်သားအရောင်းပြပြီး စစ်တပ်ကို လျှိုဝှက်သတင်းပေးနေသူများလည်း ဖြစ်သည်ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“သူတို့က အဲဒေသက စစ်သတင်းပေးတွေလေ။ ပြီးတော့ လောင်းကစားဝိုင်းတွေလည်း ဖွင့်တယ်။ ဝက်သားတွေ အမဲသားတွေလည်း လိုက်ပတ်ရောင်းတဲ့ပုံစံမျိုးနဲ့ တော်လှန်ရေးသတင်းတွေကို လိုက်စုဆောင်းတယ်။ နောက်တစ်ချက်က စစ်တပ်နဲ့ ဆက်စပ်မှုရှိတဲ့လူတွေပေါ့” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

သံဖြူဇရပ်မြို့နယ်တစ်ဝိုက်တွင် ရာမညမွန်တပ်တော် RMA၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA တို့၏ လှုပ်ရှားရာ နယ်မြေဒေသဖြစ်သည်။

အဆိုပါ သတ်ဖြတ်ခံထားရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသတွင်းလှုပ်ရှားနေသည့် ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက မေးမြန်းရာတွင် ယခုလို ပြောသည်။

“မနေ့က ၁၁ နာရီကျော်ကျော်လောက်မှာ အသတ်ခံထားရတယ်လို့ ကျနော်တို့ ကြားရတယ်ပေါ့နော်။ ညနေ ၄ နာရီခွဲလောက်မှာ အခင်းဖြစ်တဲ့နေရာကို ကျနော်တို့ သွားရောက်စစ်ဆေးခဲ့တယ်။ တစ်ယောက်က ယောင်္ကျား၊ တစ်ယောက်က မိန်းမ သေနတ်ဒဏ်ရာနဲ့ သတ်ဖြတ်ခံထားရတာ တွေ့တယ်။ အဲဒေသက ကျနော်တို့ လှုပ်ရှားနယ်မြေဆိုပေမဲ့ mission ရှိမှ သွားတယ်။ အမြဲတမ်း နေနေတာ မဟုတ်ဘူး။ အဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့အဖွဲ့ မဟုတ်တာတော့ သေချာတယ်” ဟု YPDF တပ်ရင်းမှူး ဗိုလ်ရန်နိုင်က ပြောသည်။

အဆိုပါသတ်ဖြတ်ခံရသည့် ဇနီးမောင်နှံနှစ်ဦးသည် ထင်းရူးရွာသား မွန်လူမျိုးသာဖြစ်ပြီး လက်နက်ကိုင် လူတစ်စုက သေနတ်ဖြင့် နဖူးကို ဒဲ့ပစ်သတ်ကာ နေရာတွင်းပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု IMNA မှ စုံစမ်းသိရှိထားသည်။

သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာတွင် စစ်ကော်မရှင်တပ် တပ်စွဲနေရာများကို တော်လှန်ရေးပူးပေါင်းတပ်တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်နေသလို စစ်တပ်သတင်းပေးများလည်း မကြာခဏ သုတ်သင်း ရှင်းလင်းခံနေရကြောင်း သိရသည်။

August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...
ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...