ထိန်းချုပ်မြို့များအပေါ် စစ်အုပ်စု၏ မာရှယ်လောအမိန့် သက်ရောက်မှု မရှိဟု TNLA ပြော

ထိန်းချုပ်မြို့များအပေါ် စစ်အုပ်စု၏ မာရှယ်လောအမိန့် သက်ရောက်မှု မရှိဟု TNLA ပြော

စစ်ကော်မရှင်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မြို့ ကိုး မြို့ အပါအဝင် မြို့ပေါင်း ၆၃ မြို့ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ထို စစ်အုပ်ချုပ်ရေး အမိန့်သည် ထိန်းချုပ်နယ်မြေများအပေါ်တွင် သက်ရောက်မှုမရှိဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

“လက်ရှိ ကျမတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြည့်ပြည့်ဝဝ စီမံဆောင်ရွက်နေပါတယ်။ စစ်ကောင်စီ (စစ်ကော်မရှင်) ရဲ့ စစ်အုပ်ချုပ်ရေးက ကျမတို့အပေါ် သက်ရောက်မှုမရှိဘူး။ တဆက်တည်းမှာ စစ်အုပ်ချုပ်ရေး ကြေညာတာကို လူထုတွေအတွက် စိုးရိမ်စရာမရှိဘူး။ လေကြောင်းရန်တော့ အထူးသတိပြုဖို့တော့ လိုတာပေါ့လေနော်” ဟု လွေးယေဦးက ပြောသည်။

ယနေ့ (ဩဂုတ်လ ၅ ရက်) တွင် ကျင်းပသည့် “PSLF/TNLA စစ်ရေးနိုင်ငံရေးအခြေအနေနှင့် ဇူလိုင်လ တလတာ လှုပ်ရှားမှုအခြေအနေ” နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ထိုသို့ ဖြေကြားသွားခြင်းဖြစ်သည်။

စစ်ကော်မရှင်က TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ ကျောက်မဲ နှင့် သီပေါ မြို့နယ် အပါအဝင် မြို့ပေါင်း ၆၃ မြို့ကို ဇူလိုင် ၃၁ ရက်နေ့တွင် ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

PSLF/TNLA အနေဖြင့် ထိန်းချုပ်ထားသည့်မြို့များတွင် အုပ်ချုပ်ရေးအပြည့်အဝ လည်ပတ်နေပြီး စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး သက်ရောက်မှုမရှိသော်လည်း လေကြောင်းအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း ဆိုသည်။

စစ်အုပ်စုသည် မြို့ ၆၃ မြို့ကို ရက် ၉၀ အရေးပေေါ်ကြေညာထားသည့်အပြင် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲလုပ်ရန် စီစဉ်နေပြီး၊ TNLA ထိန်းချုပ်ဒေသများတွင် ထိုရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်းများနှင့်ပတ်သက်၍ မှတ်ချက်ပြုလိုခြင်းမရှိဟု လွေးယေဦးက ပြောသည်။

“ရွေးကောက်ပွဲသည် စစ်ကောင်စီကနေ ဦးဆောင်ပြီး ကျင်းပနေတာဖြစ်တယ်။ ဗိုလ်ချုပ်ကနေမှ ရာထူးအဆင့်ဆင့်ရှိတဲ့သူတွေက အရပ်ဘက်ပြောင်းလာတာဖြစ်တယ်။ သေချာတာကတော့ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲသည် အရပ်သားပြည်သူလူထုကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်တာကတော့ သေချာပါတယ်။ ဒီ့အပေါ်မှာတော့ ကျမတို့ မှတ်ချက်ပြုလိုခြင်းမရှိပါဘူး၊ လေ့လာဆန်းစစ်နေတုန်း ဖြစ်ပါတယ်” ဟု လွေးယေဦးက မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

တဖက်တွင်လည်း စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ရာ ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ဇူလိုင်လ တလအတွင်းတွင် လေကြောင်း နှင့် လက်နက်ကြီး တိုက်ခိုက်ခံရမှုများကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုးကုတ်၊ ကွတ်ခိုင် မြို့များမှ ဒေသခံ ၂၇ ဦးသေဆုံး ကာ ၈၃ ဦး ထိုခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ထိုကြောင့် စစ်ကော်မရှင်တပ်၏ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို အမြန်ဆုံး ရပ်တန့်နိုင်ရန် ကုလသမဂ္ဂ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရများကို PSLF/TNLA က တိုက်တွန်းထားသည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...