ကျိုက်မရောနှင့် မုဒုံမြို့နယ်တွင် စစ်မှုထမ်းစာရင်းအပြင် ငွေကြေးပါ လိုက်လံကောက်ခံနေ

ကျိုက်မရောနှင့် မုဒုံမြို့နယ်တွင် စစ်မှုထမ်းစာရင်းအပြင် ငွေကြေးပါ လိုက်လံကောက်ခံနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်အတွင်း၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်အဖွဲ့က ကျေးရွာဘက်ကို စစ်မှုထမ်းစာရင်းအပြင် ငွေကြေးပါ လိုက်လံကောက်ခံနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၏ အမည်စာရင်းများကို ကောက်ခံနေသည့်အပြင် လူအစားထိုးငှားရန်ဆိုသည့် အကြောင်းပြချက်ဖြင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်အဖွဲ့တို့က ငွေကြေးပါ လိုက်လံကောက်ခံနေသည်ဟု ကျိုက်မရောဒေသခံတို့က ပြောသည်။

လက်ရှိတွင် ကျိူက်မရောမြို့နယ်အတွင်းရှိ မွန်ကျေးရွာများဖြစ်သည့် လက်ပန်း၊ ကျုံဖနင်း၊ ကျုံဝမ်း၊ ခရုံ၊ ကျိုက်ပရံ စသည့် ကျေးရွာများကို မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်အဖွဲ့ လက်အောက်ခံရှိ စစ်တပ်၊ ရဲ၊ ကြံ့ခိုင်ရေးပါတီအဖွဲ့နှင့် အုပ်ချူပ်ရေးမှူးအဖွဲ့တို့က လာရောက် စာရင်းကောက်ခံခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“မနေ့က (ဇူလိုင် ၃ ရက်နေ့) ကျနော်တို့ဘက်ကို စာရင်းလာကောက်သွားတယ်။ အိမ်မှာရှိနေတဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေကို ၃ ယောက်ရှိရင် ၃ ယောက်စလုံး စာရင်းကောက်သွားတယ်။ ၄ ယောက်ရှိရင်၊ ၄ ယောက်စလုံး စာရင်းကောက်တယ်။ ကျနော်တို့ရွာမှာ အိမ်ခြေပေါင်း ၇၀၀ ကျော်လောက် ရှိတယ်။ အဲတော့ လူပေါင်း ၄၅၀ ကျော်က စာရင်းထဲ ပါသွားပြီ။ ပြီးတော့ တစ်အိမ်ကို တစ်သောင်းခွဲယူတယ်။

တစ်နှစ်ကျော်နေပြီ၊ အဲလိုကောက်စားနေတာ။ ရွာသားတွေထင်နေကြတာက ပိုက်ဆံပေးလိုက်ရင် စစ်မှုမထမ်းရတော့ဘူးလေ။ အခုတော့ ဆင့်ခေါ်စာရွက်တွေက ရောက်လာတာပါပဲ။ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး မနက်ဖြန်ဆိုရင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို သွားကြရမယ်” ဟု ကျိုက်မရောမြို့နယ်မှ လူလတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။

ငွေကြေးကောက်ခံရာတွင် စစ်မှုထမ်းလူငှားရန်အတွက် ကောက်ခံသည်ဟု အုပ်ချူပ်ရေးမှူးအဖွဲ့တို့က ပြောဆိုနေပေမဲ့ မည်သူမည်ဝါကို ငှားရမ်းလိုက်ကြောင်းနှင့် ရရှိထားသည့် ငွေကြေးများကို မည်သို့ အသုံးပြုလိုက်သည်ကို ပြန်လည်ရှင်းလင်းခြင်း မရှိသည့်အပေါ် ရွာသားများက မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဆိုသည်။

အလားတူ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများဘက်တွင် စစ်မှုထမ်းရန် အသက်အရွယ်အကျုံးဝင်သည့် လူငယ်များကို စာရင်းကောက်ခံမှု မရှိသေးပေမဲ့ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချူပ်ရေးမှူးအဖွဲ့တို့က စစ်မှုထမ်းရန် အကျူံးဝင်သည့် လူငယ်များကို ဇူလိုင်လကုန်ပိုင်းကစပြီး အစည်းအဝေးခေါ်ယူခဲ့ပြီ ဖြစ်ကြောင်း၊ လူငှားအစားထိုးရန်ဆိုပြီး ငွေကြေးကောက်ခံမှုများလည်း ရှိနေကြောင်း မုဒုံဒေသခံတစ်ဦးက ပြောသည်။

“မုဒုံမြို့ပေါ်မှာတော့ အဲဒီလို အစည်းအဝေးခေါ်ပြီး ငွေကောက်ခံတာတွေ ရှိတယ်။ ကျေးရွာတွေဘက်မှာတော့ လောလောဆယ် ဘာမှထူးခြားမှု မရှိသေးဘူး။ ကျေးရွာအုပ်ချူပ်ရေးမှူးတွေကပဲ အဆင်ပြေအောင်တော့ စီစဉ်နေကြတယ်။ လာမဲ့အပတ်စဉ်တွေမှာ လူရှာမရရင်တော့ အခြေအနေဆိုးသွားနိုင်တယ်” ဟု အထက်ပါ မုဒုံဒေသခံက ပြောသည်။

စစ်မှုထမ်းစာရင်းတွင် ပါဝင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးမှ မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်လာပါက သွားရောက်ဖြည့်စွက်ရမည်ဖြစ်ပြီး ပျက်ကွက်ခဲ့ပါက ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်စာတွင် ခြိမ်းခြောက်ရေးသားချက်အရ သိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက် အပတ်စဉ် (၁) သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုတွင် အပတ်စဉ် (၁၅) အထိ ဖွင့်လှစ်လာခဲ့ပြီဖြစ်ကာ အပတ်စဉ် (၁၆) ကို ဖွင့်လှစ်နိုင်ရန် စာရင်ကောက်ခံလာနေခြင်း ဖြစ်သည်။

စစ်မှုထမ်းသင်တန်းကို (၃) လတာ တက်ရောက်ပြီးပါက တာဝန်ထမ်းဆောင်ရမည့်ကာလကို နှစ်နှစ်ဟု သတ်မှတ်ထားပြီး ကျွမ်းကျင်သူဖြစ်ပါက သုံးနှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကာ နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်ခဲ့ပါက ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ သိရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...