အနင်းကျေးရွာအနီးတွင် စစ်ကောင်စီတိုက်ကင်း ချုံခိုတိုက်ခိုက်ခံရပြီးနောက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်

အနင်းကျေးရွာအနီးတွင် စစ်ကောင်စီတိုက်ကင်း ချုံခိုတိုက်ခိုက်ခံရပြီးနောက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့် ပစ်ခတ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာနှင့် ထင်းရူးရွာကြားရှိ စစ်ကောင်စီတိုက်ကင်းကို တော်လှန်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့များ ချုံခိုတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

အနင်းကျေးရွာ ရဲစခန်းမှထွက်လာသည့် အင်အား(၄၀)ခန့်ရှိ စစ်ကောင်စီ၏တိုက်ကင်းကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ နံနက် ၁၁နာရီ ၁၀မိနစ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့မှ ယမန်နေ့ထိ စစ်ကောင်စီဘက်မှ နှစ်ရက်ဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်မှု လုပ်ဆောင်လျက်ရှိပြီး အနင်း၊ ကျောင်းရွာနှင့် အနီးတစ်ဝိုက်ရွာများကို လုံခြုံရေးတင်းကြပ်ထားသည်ဟု ရွာခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“စဖြစ်တဲ့နေ့ကတည်းက အနင်းကနေ ကျောင်းရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတာ မနေ့ကလဲ လက်နက်ကြီးနဲ့ရော လက်နက်ငယ်နဲ့ရောပဲ ပစ်နေကြတာ ညအထိပဲ။ လောလောဆယ်က သူတို့ အနီးနားကရွာအပြင်တွေမှာ စောင့်နေတာရှိတယ်။ လိုက်စစ်ဆေးနေတာရှိတယ်။ ရွာတွေမှာ ကင်းလှည့်သွားလာနေတာရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ တိုက်ကင်းကို တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့ ချုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ (၃) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထိုအပြင် ယမန်‌နေ့ ဇူလိုင် ၃၀ ရက်နေ့တွင်လည်း ရေးမြို့နယ်မြောက်ပိုင်း ကွမ်ကျိုက်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းကို တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သေဆုံးမှုရှိခဲ့ရကြောင်း MSRF မှ ပြောရေးဆိုခွင့်ရှိသူ မိတလညာဏ်က IMNA သို့ ပြောသည်။

“အနင်းရဲစခန်းကနေ ထွက်လာတဲ့ အင်အား (၄၀) ရှိ တိုက်ကင်းကို ကျမတို့ တော်လှန်ရေး မဟာမိတ် ပူပေါင်းတပ်ဖွဲ့တွေ ချုံခိုတိုက်ခိုက်ခဲ့တာ တိုက်ပွဲက မိနစ် ၂၀ ကြာချိန်ရှိပါတယ်၊ စစ်တပ်ဘက်က ၂ ဦး သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပါတယ်” ပြောသည်။

အဆိုပါ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် နှစ်ရက်တာတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် စစ်ရေးမဟာမိတ်ဖြစ်သည့် KNLA တပ်ရင်း(၂၇) တပ်ခွဲ(၁)တို့မှ ပူးပေါင်းပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့တွင် ထင်းရှူးရဲစခန်းအနီး ကိုက်(၂၀၀)အကွာရှိ အင်အား ၃၀ခန့် ရှိသည့် စစ်ကောင်စီ ကင်းပုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရဲ(၂)ဦးနှင့် တပ်သား(၃)ဦး သေဆုံးခဲ့သေးသည်။

သံဖြုဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ယခု ဇူလိုင်လအတွင်း တိုက်ပွဲ ၆ ကြိမ်အထိ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးအထူးတင်းကြပ်နေသည်ဟုလည်း ဒေသခံများက ဆိုသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...