ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ ဇူလိုင် ၂၈ ရက်နေ့အထိ အမျိုးသား(၃) ဦး ရေစီးနှင့်မျောပါသေဆုံးခဲ့သလို သောက်သုံးရေနှင့် စားစရာပြတ်လပ်နေသည်ဟု အနီးကပ်ကူညီကယ်ဆယ်ရေး လုပ်ဆောင်သည့် အဖွဲ့များထံမှ သိရသည်။
ဇူလိုင်လအတွင်း မိုးကြီးရေလျှံပြီး မြစ်နှင့် ချောင်းရေမြင့်တက်မှုများကြောင့် အဆိုပါမြို့နယ်သုံးခုရှိ မြစ်အနီး၊ မြေနိမ့်ပိုင်း ကျေးရွာရပ်ကွက်များတွင် ရေဖုံးလွှမ်းမှု ဖြစ်ပွားနေသည်။ ရေကြီးမှုကြောင့် အုတ်တွင်းမြို့နယ် မြင်းစုရွာသား တစ်ဦး၊ တောင်ငူမြို့နယ် ရှမ်းဝါးတီးရွာ သားတစ်ဦးနှင့် ထန်းတပင်မှ အမျိုးသားတစ်ဦး ရေစီးနှင့် အတူမျောပါ သေဆုံးသွားသည်ဟု ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
“တောင်ငူမှာတော့ စစ်တောင်းမြစ်ရေက စိုးရိမ် မီတာအထက်မှာရှိတယ်။ အုတ်တွင်း ထန်းတပင်ဘက်မှာက တိုင်းမရတော့ ပြောမရဘူး။ ခပေါင်းချောင်းရေတက်တာလည်းရှိတော့ တောင်ငူထက်တောင် သူတို့က ပိုများနိုင် တယ်။ ရွာတွေတော်တော်များများ ရေမြုပ်နေပြီ။ မနေ့ကတော့ ရေစီးနဲ့မျောသွားတာ အမျိုးသား ၃ ယောက်သေ တယ်။ ဘယ်သူဘယ်ဝါလဲတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ ရေဘေးသင့်ပြည်သူများအတွက် တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ် အရှေ့ဘက်ခြမ်းတွင် ကယ်ဆယ် ရေးစခန်းများ ထားရှိပြီး ပြောင်းရွှေ့လာသူများကို နေရာချထားပေးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ လူမှု ကွန်ရက်စာမျက်နှာများ၌ ဖော်ပြထားသည်။
ထို့အတူ အုတ်တွင်းရှိ ညောင်ပင်ကြီး ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူ ၆၀ ဝန်းကျင်ရှိပြီး ၎င်းတို့အပါအဝင် နီးစပ်ရာရွှေ့ပြောင်းနေထိုင်သည့် ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေနှင့် စားစရာ ပြတ်လပ်နေပြီး လိုအပ်ချက်ရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။
ဖော်ပြပါတာဝန်ရှိသူက ဆက်လက်၍ “အုတ်တွင်းဘက်က ကုလားရွာတို့ ဘာတို့ကျ အိမ်နိမ့်တော့ ပြောင်းကြ တာကလွဲပြီး ကျန်တဲ့နေရာကတော့ နေလို့ရသလောက်နေကြတယ်။ ရေလွတ်တဲ့သူတို့ ဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေကြတာ။ လောလောဆယ်ရေနဲ့ အစားအသောက်က အဓိကလိုတယ်” ဟု မြေပြင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ တဦးက ပြောသည်။
ထို့အပြင် နယ်မြေပဋိပက္ခပြင်းထန်၍ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အင်အား မတောင့်တင်းသည့် အုတ်တွင်းမြို့နယ်ရှိ တချို့ကျေးရွာများ ကယ်ဆယ်ရေးမရောက်နိုင်ဘဲ ပိတ်မိနေသည့်အခြေအနေမျိုးလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။
မိုးလေဝသဌာနဖော်ပြချက်အရ ယနေ့အထိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၆၆၆ စင်တီမီတာဖြင့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေသော်လည်း လာမည့်ရက်ပိုင်းအတွင်း မြစ်ရေကျဆင်းနိုင်ဖွယ်ရာ ရှိသည်ဟု ခန့်မှန်းထားသည်။
အလားတူ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း မိုးကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိရာ ရေဘေးသင့်စခန်းများ
ဖွင့်လှစ်ပြီး ကယ်ဆယ်ရေးဆောင်ရွက်နေရကြောင်း မွန်ကရင်ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။







