CNC- မတူပီသည် မတူပီလူထုနှင့် MRO/ CDF - မတူပီကို ကိုယ်စားမပြုကြောင်း MRO/ CDF - မတူပီ ကြေညာ

CNC- မတူပီသည် မတူပီလူထုနှင့် MRO/ CDF - မတူပီကို ကိုယ်စားမပြုကြောင်း MRO/ CDF - မတူပီ ကြေညာ

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့နယ်အတွင်း အသစ်ထပ်မံပေါ်ပေါက်လာသော ချင်းအမျိုးသားကောင်စီ - မတူပီ (CNC - မတူပီ) သည် မတူပီပြည်သူလူထုနှင့် MRO/ CDF - မတူပီကို လုံးဝကိုယ်စား မပြုပါကြောင်း မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF - မတူပီက ကြေညာသည်။

“မတူပီကို ဦးဆောင်တဲ့နေရာမှာ အဖွဲ့တွေ အများကြီးကွဲရင် လူထုက အစ အကွဲကွဲ အပြဲပြဲ ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လည်း အရပ်ဖက်-တပ်ဖက် အစုအဖွဲ့ အားလုံးကို စုစည်းနေတဲ့ MRO/CDF-MATUPI မှာ တက်ညီလက်ညီ စည်းစည်းလုံးလုံး ပါဝင်ဖို့လိုအပ်ပါတယ်။ အခုလည်း တပ်ဖက် ဌာနတွေနှင့် အရပ်ဖက်ဌာနအချို့က ပူးပေါင်းပြီး လုပ်ငန်းဖော်ဆောင်နေပါပြီ။ ဆက်လက်ပြီးတော့လည်း ဖော်ဆောင်ဖို့ရှိပါမယ်” ဟု MRO/ CDF - မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။

တော်လှန်ရေးကာလအတွင်း မတူပီမြို့နယ်၏ နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုနိုင်ရန် ဖွဲ့စည်းထားသော MRO/ CDF - မတူပီ အပြင် ထပ်မံဖွဲ့စည်းသော မည်သည့်အဖွဲ့အစည်း၊ မည်သည့်ကောင်စီသည် MRO/ CDF - မတူပီကို ကိုယ်စားမပြုကြောင်း ဇူလိုင်လ ၂၅ ရက်မှာ MRO က ထုတ်ပြန်သည်။

ဇူလိုင်လ ၁၄ ရက်က ဖွဲ့စည်းလိုက်သော ချင်းအမျိုးသားကောင်စီ - မတူပီသည်လည်း MRO/ CDF - မတူပီနှင့် မတူပီပြည်သူလူထုကို လုံးဝ ကိုယ်စားမပြုပါကြောင်း အများပြည်သူ သိရှိစေရန်ဟူ၍ MRO က ထုတ်ပြန်သည်။

ချင်းပြည်အရေး ၊ မြန်မာ့အရေးတွင် MRO/ CDF - မတူပီ အမည်နာမ တစ်ခုတည်းဖြင့်သာ ဆက်လက်ပါဝင်နေပြီး ICNCC နှင့် ချင်းညီနောင်သို့ ကောင်စီဝင်များ ၊ အဖွဲ့ဝင်များ စေလွှတ်ရာတွင်လည်း MRO/ CDF - မတူပီ အဖွဲ့သာလျှင် ချိတ်ဆက်ပူးပေါင်းလျက်ရှိသည်ဟု သိရသည်။

မတူပီမြို့နှင့် မတူပီမြို့နယ်အတွင်းရှိ တပ်ဖက်- အရပ်ဖက် အင်အားစုများအား အဖွဲ့ချုပ် တစ်ခုအဖြစ် ပေါင်းစည်းနိုင်ရေးအတွက် အရပ်ဖက် ဝန်ထမ်းများ၊ တတ်သိပညာရှင်းများကိုလည်း ဌာနအလိုက် ချိတ်ဆက်ပူးပေါင်း၍ တပ်ဖက် - အရပ်ဖက်လုပ်ငန်းများ ဖောက်ဆောင်လျက်ရှိသည်ဟု MRO က အသိပေးသည်။

၂၀၂၅ ဧပြီလအတွင်းက ညီလာခံမှ အတည်ပြုဖွဲ့စည်းထားသော မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF - မတူပီ သည် တော်လှန်ရေးကာလအတွင်း မတူပီမြို့နယ်အရေးတွင် နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုသည့် အဖွဲ့ချုပ်ဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်းပြည်ပ မတူပီမြို့နယ်ပြည်သူလူထုအနေဖြင့် တော်လှန်ရေးတွင် လူအင်အား၊ ငွေအင်အားနှင့် အကြံဉာဏ်များဖြင့် ပါဝင်လိုပါက MRO/ CDF - မတူပီအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး တိုက်ရိုက် ချိတ်ဆက် ပူးပေါင်းစေလိုကြောင်း အသိပေးထုတ်ပြသည်။

မတူပီမြို့နယ်အတွင်းက ချင်းတော်လှန်ရေးအင်အားစုတချို့သည် ချင်းအမျိုးသားကောင်စီ- မတူပီကို ကောင်စီဥပဒေပြ ဌာန်းချက်များနှင့်အညီ ဇူလိုင်လ ၁၄ ရက်တွင် အတည်ပြုဖွဲ့စည်းကြောင်း ကြေညာထားသည်။

ချင်းအမျိုးသားကောင်စီ - မတူပီကို ပြည်ထောင်စုအတိုင်းအတာ၊ ချင်းအမျိုးသားတစ်ခုလုံးအတိုင်းအတာနှင့် မြို့နယ် တစ်ခုလုံးအတိုင်းအတာတို့ဖြင့် တော်လှန်ရေးအဖွဲ့အားလုံး အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီ လွှမ်းခြုံဆောင်ရွက်သွားမည်ဟု CNC - မတူပီက ထုတ်ပြန်သည်။

CNC - မတူပီသည် မတူပီမြို့နယ်တော်လှန်ရေးအင်အားစုဖြစ်သည့် MRO / Chin Defense Force - မတူပီ မှ ထပ်မံပေါ် ထွက်လာသော မတူပီတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

မတူပီမြို့နယ်တွင် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင် MRO / Chin Defense Force - မတူပီ၊ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် Chinland Defense Force - မတူပီ/ မတူပီကောင်စီနှင့် ချင်းအမျိုးသားကောင်စီ - မတူပီဟူ၍ မတူပီကိုယ်စားပြုတော်လှန်ရေး ၃ ဖွဲ့ရှိလာနေသည်ဟု သိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...