စစ်ကောင်စီကို စစ်လက်နက်နှင့် နည်းပညာပံ့ပိုးနေသည့် တရုတ်ပိုင် NORINCO ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM ပြော

စစ်ကောင်စီကို စစ်လက်နက်နှင့် နည်းပညာပံ့ပိုးနေသည့် တရုတ်ပိုင် NORINCO ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ရန် JFM ပြော

စစ်ကောင်စီထံ စစ်လက်နက်များနှင့် နည်းပညာများ အဓိက ပံ့ပိုးနေသည့် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO)အား စစ်ကောင်စီ၏ ရာဇဝတ်မှုများတွင်ကြံရာပါပတ်သက်မှုအတွက် နိုင်ငံတကာအစိုးရများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်း Justice for Myanmar(JFM)က ယနေ့ (ဇူလိုင် ၂၅) ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းများအရ စစ်ကောင်စီအား လက်နက်ရောင်းချထောက်ပံ့ရာတွင် NORINCO ၏ ဆက်လက်ကြံရာပါ နေမှုကို အတည်ပြုနိုင်ကြောင်း JFM ကပြောသည်။

NORINCO ကုမ္ပဏီကို တရုတ်နိုင်ငံတော်ကောင်စီက အလုံးစုံပိုင်ဆိုင်ပြီး၊ ယင်းကောင်စီသည် ကုမ္ပဏီ၏ မဟာ ဗျူဟာစီးပွားရေး ဆုံးဖြတ်ချက်များနှင့် တင်ပို့မှုမိတ်ဖက်များအပေါ် ကြီးကြီးမားမား လွှမ်းမိုးမှု ရှိမည်ဖြစ်ကြောင်းလည်း ဆိုသည်။

“တရုတ်ပို့ကုန်ထိန်းချုပ်ရေးစည်းမျဉ်းများအရ မြန်မာနိုင်ငံသို့ ကုမ္ပဏီမှ ပို့ကုန်များသည် တရုတ်အာဏာပိုင်များ၏ ပို့ကုန်ထိန်းချုပ်ရေးခွင့်ပြုချက်ကို ရယူရလိမ့်မည် ဖြစ်သည်”ဟု JFM က ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ လေ့ကျင့်သင်ကြားမှုများနှင့် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများ လွှဲပြောင်းပေးအပ်မှုများ ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုကြောင်းလည်း JFM က ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် NORINCO နှင့် မြန်မာစစ်တပ်တို့သည် ကာကွယ်ရေးပစ္စည်း ဆိုင်ရာ ရောင်းဝယ်မှုနှင့် ဆက်စပ်နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန် သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

NORINCO ကုမ္ပဏီက ၎င်းတို့သည် မြန်မာနိုင်ငံနှင့် “ကာလရှည် ပူးပေါင်းဆောင်ရွက်မှု” တရပ်ရှိကြောင်း၊ ကာကွယ် ရေးထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို မြန်မာစစ်အုပ်စုထံ ဆက်လက်ပေးအပ်ရန်၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို တိုးချဲ့မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်း အတည်ပြုထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ NORINCO ၏ ကုမ္ပဏီခွဲသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅,၀၀၀,၀၀၀ မှ ၁၀,၀၀၀,၀၀၀ ကြား တန်ဖိုးရှိ ထုတ်ကုန်များကို စစ်ကောင်စီထံ တိုက်ရိုက်ရောင်းချ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ်၊ လျှို့ဝှက်ပေါက်ကြားစာတွင် အဆိုပါ ကုမ္ပဏီသည် သင်္ဘောတင်အမြှောက်ပစ် စနစ်တခု၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပစ်စနစ်နှင့် ဆက်စပ်ဒုံးကျည်များ၊ စစ်လက်နက် ထိန်းချုပ်ရေးစနစ်တခု၊ ပစ်မှတ်ရှာ ပဲ့ထိန်းစနစ်တခုနှင့် မြန်မာ့ရေတပ်စစ်သင်္ဘောစီမံကိန်း တခုအတွက် ဒုံးပျံထိန်းချုပ်ရေးယူနစ်များနှင့် သင်္ဘောတင်လောင်ချာများ နှစ်စုံကို ရောင်းချပေးအပ်လိုကြောင်း အတည်ပြုထားသည်ဟု JFM ကဖော်ပြသည်။

ထို့ပြင်  ၂၀၂၀၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များအတွင်း များစွာသော ကုန်တင်ပို့မှုများမှ တဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကိုလည်း စစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးထံ ရောင်းချပေးအပ်ခဲ့ကြောင်းလည်း ဆိုထားသည်။

NORINCO ကုမ္ပဏီသည် စစ်ကောင်စီအတွက် စစ်လက်နက်ထုတ်လုပ်ရေးဆိုင်ရာစာချုပ်များ ချုပ်ဆို နိုင်အောင် အကျိုးဆောင်ပွဲစားအဖြစ် ဆောင်ရွက်ပေးသည့် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး၊ စစ်ကောင်စီ အရာရှိများအတွက် တရုတ်နိုင်ငံတွင်း လေ့ကျင့်သင်ကြားမှုများကို စီစဉ်ပေးလေ့ရှိကြောင်းလည်း JFM၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...