ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် မျှစ်ချိုးသွားသည့် လူလတ်ပိုင်းအရွယ် အမ်းဒေခံအမျိုးသားတစ်ဦး မြေမြှပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း သတင်းရရှိသည်။
မိုင်းနင်းမိသူမှာ အမ်းမြို့နယ်၊ တပ်တောင်တိုက်နယ်၊ င/လက်ကျရွာမှ ဦးသိန်းရွှေ( ၃၁)နှစ် ဖြစ်သည်။
၎င်းသည် ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်းက ၎င်းနေထိုင်ရာကျေးရွာမှ အမ်းမြို့နှင့် ၂ မိုင်အကွာရှိ အမ်း- မအီ ကားလမ်းဘေးရှိ ချောင်းကမ်းနားတွင် မျှစ်ချိုးသွားရာမှ မိုင်းကို နင်းမိ၍ ပေါက်ကွဲမှုဖြစ်ကာ ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“မိုးရာသီဆိုတော့ ကျနော်တို့ဒေသမှာ အလိုအလျောက် ပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေလည်း ပေါတယ်။ ဒေသခံတွေကလည်း စားဝတ်နေရေး ကျပ်တည်းမှုတွေရှိတော့ တောတောင်တွေကို ဟင်းခူး၊ မျှစ်ချိုး သွားကြတယ်။ အခုလည်း ဒီလို မျှစ်ခူးသွားရှာရင်း စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိတာ” ဟု ပြောသည်။
လက်ရှိတွင် မိုင်းထိ၍ ခြေထောက်တစ်ဖြတ် ပြတ်သွားသူ ဦးသိန်းရွှေအား အနီးအနား ဆေးခန်းတစ်ခုသို့ ပို့ဆောင်ကာ ဆေးကုသနေရသည်ဟု သိရသည်။
အမ်းမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် တပ်ရင်းများအပြား အခြေစိုက်ခဲ့သဖြင့် အဆိုပါ စစ်စခန်းများအား ကာကွယ်ရန်အတွက် စစ်ကောင်စီတပ်များက မိုင်းအများအပြား ထောင်ခဲ့သဖြင့် အမ်းမြို့နယ်သည် အခြားမြို့နယ်များထက် မိုင်းထောင်မှုများပြားခဲ့သည်ဟုသိရသည်။
သို့အတွက် မကြာခဏ မိုင်းပေါက်ကွဲပြီး ဒေသခံများ ဒဏ်ရာရရှိနေကြောင်း၊ အမ်းမြို့နယ်အတွင်းတွင်ယခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေနှင့် ဇွန်လများ၌ မိုင်းနင်းမိ၍အရပ်သားသေဆုံး၊ ဒဏ်ရာရမှု များပြားခဲ့သည်ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်၊ နေ့လယ်ကလည်း အမ်းမြို့နယ်၊ ဆူးပုတ်ပျဉ်းတောရွာမှဝါးသွားခုတ်သည့် အမျိုးသား တစ်ဦးသည် ပူလောင်တောင်ခြေရင်းတွင် မိုင်းနင်းမိ၍ဘယ်ဘက်ခြေထောက် ခြေမျက်စိအောက်မှ ပြတ်ထွက် သွားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်၊ ညနေပိုင်းကလည်း အမ်းမြို့နယ်အတွင်းတောင်ပေါ်တွင် သရက်သီးသွားခူးသည့် လူငယ်တစ်ဦး ဘယ်ဘက်ခြေထောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဧပြီလ ၂၅ ရက်ကလည်း အမ်းမြို့နယ်၊ ဆင်ခုံတိုင်ရွာမှ ဦးမောင်စံ(၅၆)နှစ်သည် ယာခင်းသို့သွားစဉ် မြောင်ထဲတွင် မိုင်းနင်းပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်ကလည်း အမ်းမြို့နယ်၊ ပြုတ်ကျွန်းကျေးရွာမှအမျိုးသားတစ်ဦးသည် လုံးရွာဟောင်း
ဖက်သို့ ထင်းခွေသွားစဉ် မိုင်းနင်းမိ၍ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့သလို မျက်နှာတွင်လည်း မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း အမ်းမြို့နယ်၊ တပ်တောင်မြို့အနီး Telenor တာဝါတိုင်ရှိသည့် တောင်တွင် ပိန္နဲသီးခူးရန်သွားရောက်စဉ် မိုင်းနင်းမိ၍ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)ကလည်းမြို့နယ်တစ်ခုလုံးကို မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ မပြီးစီးနိုင်ဖြစ်နေသေးကြောင်း AA နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“တခြားမြို့မှာ မိုင်းတွေဖော်ထားတာ အမ်း နပခရဲ့ ဘေးပတ်ဝန်းကျင် အဆင့်လောက်သာရှိတယ်။ နပခ ပတ်ဝန်းကျင်နဲ့ အထဲမှာ အထပ်ထပ်ပဲ ထောင်ထားတာ။ မိုင်းရှင်းလင်းရေးတွေကတော့ လုပ်လို့ရှိတယ်။ ဒါပေမယ့် ဒီဥယျာဉ်ခြံတွေနဲ့ လမ်းတွေကို ရှင်းဖို့မလွယ်သေးဘူး။ ရှင်းတော့ ရှင်းပေးနေကြပါတယ်” ဟု ပြောသည်။
အမ်းမြို့နယ်တစ်ခုလုံးကို AA က ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းများကို အေအေအနေဖြင့် ယခုအချိန်ထိ အလုံးစုံ ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
စစ်ကောင်စီသည် အမ်းမြို့နယ်ရှိ နပခအပါအဝင် မြို့ပတ်ပတ်လည်၊ တိုက်ပွဲဧရိယာများနှင့် ဆက်စပ်သည့် ဒေသများမှ ဥယျာဉ်ခြံမြေများနှင့် ကားလမ်းဘေးများတွင်သာမက အမ်း-တပ်တောင်ကျော်လမ်း၊ မအီတောင်ကျော်လမ်း၊ ရိုးကျော်လမ်း၊ကဇူးကိုင်းသွားလမ်း၊ အမ်းချောင်း ဒေသပတ်ဝန်းကျင်နှင့် ဥယျာဉ်ခြံမြေများတွင် စစ်ကြောင်းချ နေထိုင်ခဲ့စဉ် မြေမြှုပ်မိုင်းများကို ထောင်ထားခဲ့သည်ဟု သိရသည်။
အလားတူစခန်းများ၊ တပ်ရင်းများကို စွန့်ခွာပြီး နောက်ဆုတ်ထွက်ပြေးစဉ်ကလည်း လမ်းတစ်လျှောက် မြေမြှုပ်မိုင်းများ အထပ်ထပ်ထောင်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် ထွက်ပြေးစဉ်က မသယ်နိုင်ခဲ့သည့် စက်ကျန်လက်နက်နှင့် မိုင်းများကိုလည်း ဥယျဉ်ခြံမြေများအတွင်း မြှုပ်နှံထားခဲ့ပြီး တချို့ကို မြေကြီးပေါ်တွင် စွန့်ပစ်ခဲ့မှုများလည်းရှိခဲ့ကြောင်း ဒေသခံ ဥယျာဉ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။







