မြောက်ဦးက အခြေခံလက်လုပ်လက်စားများ မိုင်းအန္တရာယ်ကြား အသက်ကိုရင်း၍ ဝမ်းစာရှာဖွေနေကြ

မြောက်ဦးက အခြေခံလက်လုပ်လက်စားများ မိုင်းအန္တရာယ်ကြား အသက်ကိုရင်း၍ ဝမ်းစာရှာဖွေနေကြ

မြောက်ဦးမြို့က အခြေခံလက်လုပ်လက်စားများမှာ စားဝတ်နေရေးအကျပ်အတည်းများကြောင့် တောတောင်သို့ သွားရောက်ကာ မိုင်းအန္တရာယ်များကြား ဟင်းရှာ၊ မျှစ်ချိုး၊ ထင်းခုတ်စသည့် အလုပ်များဖြင့် ရုန်းကန်နေရကြောင်း ပြောဆိုကြသည်။

အောင်မင်္ဂလာ၊ ချင်းပျံတောရပ်ကွက်များမှ အခြေခံလက်လုပ်လက်စားများမှာ ရှာဖွေစားသောက်နေရသည့် တောတောင်များတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်များရှိသည်ကို သိရှိသော်လည်း ဝမ်းရေးကြောင့် အသက်ကို ရင်းနေကြရသည်။

"ကျမတို့ ရပ်ကွက်အနား သက္ကျမာရ်အောင် ဘုရားအနောက်ဘက်က တောင်ကုန်းမှာ ဟင်းသွားရှာတော့ မပေါက်ကွဲတဲ့ ဗုံးသီးတွေ တွေ့တယ်လို့ ရွာကလူတွေ ပြောပါတယ်။ အဲဒါကို AA ကို အသိပေးလိုက်ပါတယ်။ အခုဆို အဲနေရာကို မသွားရဲကြတော့ဘူ။ ကျန်တဲ့ တောင်တွေကိုတော့ တက်ပြီး ရှာစားနေကြသေးတယ်" ဟု ချင်းပျံတောရပ်ကွက်မှ ဒေါ်မိမိဌေးက ပြောသည်။

ချင်းပျံတောရပ်ကွက်အရှေ့ဘက် တောင်ကုန်းများတွင် မြောက်ဦးမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ပြီး မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များရှိကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံများ အမှီပြုလုပ်ကိုင်စားသောက်နေကြသည့် စစ်ကောင်စီ၏ ခမရ ၃၇၇၊ ခမရ ၃၇၈ တပ်ရင်းဟောင်းအနီး တောင်ကုန်းများတွင်လည်း စစ်ကောင်စီတပ်စွဲနေထိုင်စဉ် မြေမြှုပ်မိုင်း ထောင်မှုများရှိကြောင်း သိရသည်။

ထိုနေရာများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များစွာရှိ၍ ဒေသခံများ သွားလာလှုပ်ရှားမှု မပြုလုပ်ရန် အာရက္ခတပ်တော် (AA) က တားမြစ်ထားကြောင်းလည်း သိရသည်။

သို့သော် အခြေခံလက်လုပ်လက်စားသမားများမှာ မြေမြှုပ်မိုင်းအန္တရာယ်ထက် ဝမ်းရေးက ပို၍ အရေးကြီးသဖြင့် အသက်အန္တရာယ်ကြားမှာ လုပ်ကိုင်စားသောက်နေကြရသည်။

"ဒီရပ်ကွက်က လူအများစုက အနီးအနားက တောင်တွေက ထင်းခုတ်ပြီး ရောင်းတာ၊ ဟင်းရှာပြီးရောင်းတာ အဲလို လုပ်စားကြရတာ။ စစ်ဘေးရှောင်လို့ ပြန်လာပြီး ရှာဖွေစားကြရင်း မိုင်းနင်းလို့ ၃ ယောက်သေတယ် ကျမတို့လည်း ကြောက်တာပေါ့။ ဒါပေမဲ့ မိုင်းမရှိနိုင်ဘူးလို့ ထင်တဲ့နေရာတွေ သွားနေရတာပဲ" ဟု အောင်မင်္ဂလာရပ်ကွက်မှ ဒေါ်မြင့်ရီက ပြောသည်။

မြေက်ဦးဒေသခံများမှာ စားဝတ်နေရေးအတွက် တောတောင်သို့သွားရောက် ရှာဖွေ လုပ်ကိုင်စားသောက်ရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုနှင့် ကြုံတွေ့နေကြရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက အောင်မင်္ဂလာရပ်ကွက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ခမရ ၃၇၇၊ ခမရ ၃၇၈ တပ်ရင်းဟောင်းအနီး တောင်ကုန်းများတွင် ထင်းခုတ်နေစဉ် မိုင်းနင်းမိ၍ သေဆုံးသွား ခဲ့ကြသည်။

ထိုသို့ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မိသားစုဝင်များမှာ ရှေ့ဆက် လူမှုဘဝရပ်တည်ရေးမှာ စိန်ခေါ်မှုများစွာရှိနေပြီး အကူအညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။

"ကျနော်တို့ မိသားစုမှာ ကျနော်မိန်းမက လုပ်ကျွေးနေတာ။ ကျနော်လည်း ဒုက္ခိတလို ဖြစ်နေလို့ အလုပ်မလုပ် နိုင်ဘူး။ ကျနော် မိန်းမက မိုင်းပေါက်လို့ ဆုံးသွားတော့ ကျနော်တို့ မိသားစုလည်း ဝဋ်လိုက်သလိုပါပဲ" ဟု အောင်မင်္ဂလာရပ်ကွက်မှ မိုင်းနင်းမိ၍ သေဆုံးသွားသည့် အမျိုးသမီး၏ လင်ယောကျ်ားဖြစ်သူ ကိုမောင်သန်းစိန် က ပြောသည်။

ဦးမောင်သိန်းစိန်၏ အမျိုးသမီး ဒေါ်မဖြူချေမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာအတွင်း မိသားစုစားဝတ်နေရေးအတွက် တောတောင်သို့သွားရောက်ကာ ထင်းခုတ်နေစဉ် မြေမြှုပ်မိုင်းမိ၍ သေဆုံးသွားခြင်းဖြစ်သည်။

ဒေါ်မဖြူချေမှာ အသက် (၅) နှစ်ကနေ (၁၉) နှစ်အရွယ်ထိ သားသမီး ၄ ဦးကျန်ရစ်ခဲ့ပြီး လင်ယောကျ်ားဖြစ်သူ မှာလည်း ခြေထောက်ရိုးကိုက်ခဲ့သည့် ရောဂါကြောင့် အလုပ်မလုပ်ကိုင်သဖြင့် တစ်မိသားစုလုံး ဒုက္ခရောက် နေကြရသည်။

ရခိုင် မြို့သိမ်းတိုက်ပွဲကာလ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံများမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲခံစားနေကြရသည်။

ထိုကြောင့် ဝမ်းရေးပြေလည်ရေး အသက်န္တရာယ်ကြား ရုန်းကန်နေကြသလို အချို့မှာလည်း ထိုသို့ ရှာဖွေလုပ်ကိုင်ရင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးခဲ့ရသဖြင့် နောက်ကွယ်က မိသားစုများထိခိုက် နစ်နာမှုဖြစ်စဉ်များလည်း အများအပြားရှိနေသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...