ကော်သူးလေနှင့် ထိုင်းနယ်စပ် နယ်နိမိတ် ၉၀ ရာခိုင်နှုန်းနီးပါး စိုးမိုးထားနိုင်ပြီဟု KNU ပြော

ကော်သူးလေနှင့် ထိုင်းနယ်စပ် နယ်နိမိတ် ၉၀ ရာခိုင်နှုန်းနီးပါး စိုးမိုးထားနိုင်ပြီဟု KNU ပြော

ကော်သူးလေနှင့် ထိုင်းနယ်စပ်တစ်လျှောက် နယ်နိမိတ် ၉၀ ရာခိုင်နှုန်းနီးပါးကို စိုးမိုးထားနိုင်ပြီဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့တွင် ပြုလုပ်သည့် ကေအိုင်စီနှင့် သီးသန့် အင်တာဗျူးအတွင်း ပြောဆိုသည်။

ကပြင်ရပ်ဝန်း ISP Myanmar မှ ဇူလိုင်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည့် ကောက်နုတ်ချက်အရ ကေအဲန်ယူ သည် ထိုင်း-မြန်မာနယ်စပ်နယ်မြေတစ်ကြော သုံးပုံတစ်ပုံခန့်၊ ကီလိုမီတာ ၈၀၀ နီးပါးကို ထိန်းချုပ်ထားနိုင်ပြီး ၎င်းတွင် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့်လမ်းများ ပါဝင်နေကြောင်း ဖော်ပြထားသည်။

ထိုအခြေအနေကြောင့် အခြေခံကုန်စည်တင်သွင်းရေးမှအစ ရိက္ခာလက်နက်အထောက်အပံ့အဆုံး ကုန်သွယ်ရေး လမ်းကြောင်း ပွင့်သွားသည့်အနေအထားဖြစ်ပြီး ကေအဲန်ယူ၏နိုင်ငံရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် အုပ်ချုပ်ရေး အာဏာကို ချဲ့ထွင်နိုင်လိုက်ခြင်းလည်းဖြစ်သည်ဟု ISP က ဆိုသည်။

၎င်းကောက်နုတ်ချက်အပေါ် ပဒိုစောတောနီးက “ထိုင်းနယ်စပ်မှာ ၉၀ ရာခိုင်နှုန်းလောက်ကို ကျနော်တို့ လက်ထဲမှာရှိနေပြီဗျ။ တပ်မဟာ (၄)ထဲမှာ ကျန်တဲ့တပ်စခန်းဆို နတ်အိမ်တောင်ပဲ ကျန်တော့တယ်။ အဲဒီအစီရင်ခံစာအတိုင်းဆိုရင် ဟိုးကော့သောင်းနားရောက်တဲ့အထိ သူတို့ ထည့်တွက်ပုံ မပေါ်ဘူး။ ဒီလိုအနေအထားမှာ ကီလိုမီတာပေါင်း ထောင်နဲ့ချီပြီး ကျနော်တို့ လက်ထဲမှာ ရှိနေတဲ့အခါကျတော့ တော်တော်လေး ဖြစ်ပေါ်တိုးတက်မှုတစ်ခုလို့ပဲ ပြောလို့ရတာပေါ့။” ဟု ပြောသည်။

၎င်းအပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်ပြင်ဆင်နေသော ကော်သူးလေအစိုးရ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးနှင့်လူထုဝန်ဆောင်မှုများ လုပ်ဆောင်ရာတွင် လိုအပ်သည့်အရင်းအမြစ်များကို ၎င်းတို့ လက်ရှိ ထိန်းချုပ်သိမ်းပိုက်ထားနိုင်သော ထိုင်း-မြန်မာနယ်စပ်တစ်ကြောမှ ရရှိနေကြောင်းလည်း  ကေအဲန်ယူ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

“အစိုးရတစ်ရပ် လည်ပတ်ဖို့ဆိုရင် ဘာအရင်းအမြစ်မှမရှိဘဲ လုပ်လို့မရဘူး။ စစ်ရေးလုပ်နေသလို အုပ်ချုပ်ရေးနဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းလုပ်ဖို့ အရင်းအမြစ်က ကျနော်တို့ နယ်စပ်တစ်ကြောမှာ ရတယ်။” ဟု ပဒိုစောတောနီးက ဆက်ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ယူနစ်တစ်ခုအနေဖြင့်ပါဝင်မည့် ကော်သူးလေအစိုးရ ဖွဲ့စည်းရေး လုပ်ငန်းစဉ်များ ၈၀ ရာခိုင်နှုန်းနှင့်အထက် ပြီးစီးပြီးဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့က ကော်သူးလေနေ့တွင် ကေအဲန်ယူ-ဗဟိုမှ ထုတ်လွှင့်သည့် ရုပ်သံအစီအစဉ်၌ လူထုသို့ ထုတ်ဖော်ပြောဆိုခဲ့သေးသည်။

ယခု ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇)နှင့်ထိစပ် ထိုင်းနယ်စပ်တလျှောက်မှ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ အပါအဝင် တပ်မဟာ(၄) ထီးခီးဒေသ၊ တပ်မဟာ(၆) မြဝတီ တောင် ဘက်ဒေသမှ နယ်စပ်စခန်းများအထိ စစ်ကောင်စီစခန်းပေါင်း ၁၅ လုံးထက်မနည်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်သည်။

ထို့အတူ အစိုးရတစ်ရပ်ဖွဲ့ရေး အရင်းအမြစ်များ စုဆောင်းနိုင်မှုအပြင် ကေအဲန်ယူအနေဖြင့် နယ်စပ် တကြောကို အလုံးစုံနီးပါးထိန်းချုပ်ထားနိုင်မှုကြောင့် အိမ်နီးချင်းနိုင်ငံနှင့်ဆက်ဆံရေးလည်း ပိုမို ကောင်းမွန်လာနိုင်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယင်းမှတဆင့် ပြည်နယ်အား ကောင်း ရေးမှ ပြည်ထောင်စုအား ကောင်းရေးမူဝါဒအတိုင်း ဒေသန္တရအစိုးရတစ်ရပ်ကို ဖော်ဆောင် သွားမည်ဖြစ် သောကြောင့် ကရင်ပြည်သူအပါအဝင် လူထုအင်အားပါဝင်မှုလိုအပ်ကြောင်း ပဒိုစောတောနီးက ဖိတ်ခေါ်ပြောဆိုသွားသည်။

နယ်စပ်အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ကေအဲန်ယူ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူသည့် တိုက်ပွဲများတွင် တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၌ မဲ့သဝေါ‌ စစ်ကောင်စီတပ်စခန်း၊ တပ် မဟာ(၆)တွင်  ဝေါလေဗျူဟာနှင့် ထီးသဲလယ်ကာကင်းစခန်းနှင့် တပ်မဟာ(၄)တွင် နတ်အိမ်တောင် စသည့် စခန်းများသာ ကျန်ရှိသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...