ကလေး-သိုင်းငင်းကားလမ်း တော်လှန်ရေးတပ်ဖွဲ့ဖက်က ပြန်ဖွင့်သော်လည်း စစ်ကောင်စီတပ်ဖွဲ့က အသုံးပြုခွင့်မပြု

ကလေး-သိုင်းငင်းကားလမ်း တော်လှန်ရေးတပ်ဖွဲ့ဖက်က ပြန်ဖွင့်သော်လည်း စစ်ကောင်စီတပ်ဖွဲ့က အသုံးပြုခွင့်မပြု

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို အဓိက ဆက်သွယ်ထားသည့် ကလေး -သိုင်းငင်း ကားလမ်းမကြီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM Siyin က ပြန်လည်ဖွင့်ပေးလိုက်သော်လည်း စစ်ကောင်စီတပ်ဖွဲ့က အသုံးပြုခွင့်မပြုဘဲ ကလေးမြို့အထွက်မှ ပိတ်ထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နှင့် ချင်းပြည်နယ်အစပ် ခိုင်းကမ်းမြို့အလွန် ရှုခင်းသာနေရာတွင် တပ်စွဲ နေရာယူထားကြပြီး ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်ဟု ဒေသခံများထံမှသိရသည်။

တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက “သောကြာနေ့ တီးတိန်ကနေ ကားတစ်စီး ကလေးကို ဆင်းလာတာ ကလေးမြို့ ရှုခင်းသာမှာရှိတဲ့ စကစက အဲ့ဒီရှုခင်းသာမှာ စခန်းချပြီးတော့မှ ဘယ်သူမှ ပေးမလွှတ်ဘူး၊ ဆင်းလာတဲ့ သူတွေလဲ ရှုခင်းသာကနေ ပြန်လှည့်ရတာပေါ့။ အဝင်မခံတာပေါ့။ ဘာအကြောင်းပြချက်မှ မပြောဘူး။ ဝင်လို့မရဘူးလို့ပဲ ပြောတယ်။ ဘာမှကို မဝင်ခိုင်းတာ။” ဟု ပြောသည်။

စစ်ရေးအခြေအနေကြောင့် (၁) လကျော်ပိတ်ထားခဲ့ရသည့် ကလေး- သိုင်းငင်း လမ်းမကြီးကို ဇူလိုင် ၁၇ ရက်နေ့မှ စတင်ပြီး ပြန်လည်အသုံးပြုသွားလာနိုင်ပြီဖြစ်ကြောင်း CDF- CDM Siyin က ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်က ဆက်လက် ပိတ်ထားဆဲဖြစ်သည်။

လက်ရှိတွင် ကလေး- သိုင်းငင်းလမ်းပိုင်းအား အသုံးပြုနိုင်ခြင်းမရှိသေးသောကြောင့် ချင်းတောင်ဖက် တက်သည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်ငယ်များသည် ကွင်းလမ်းဖြစ်သည့် ပိမ်းပိလမ်းသို့လည်းကောင်း၊ ကုန်ပစ္စည်း တင်ဆောင်သည့် ကုန်ကားကြီးများသည် ဝေဘူလ- ဗားရ် လမ်းပိုင်းကိုအသုံးပြုနေရဆဲဟု သိရသည်။

မွှာလ်ပီးကျေးရွာမှ တပ်ဆုတ်လာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခိုင်ကမ်းမြို့နှင့် (၅) မိုင်အကွာနှင့် ကိုးမိုင် စစ်ဆေးဂိတ်အနီးအနားရှိ လူမနေထိုင်သော ပြည်သူပိုင်နေအိမ်အချို့တို့ တွင် တပ်စွဲ နေရာယူထားကြသည်ဟု ခိုင်ကမ်းမြို့ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

“ကိုးမိုင်ဂိတ်နားက လူမနေတဲ့ တိုက်အိမ်မှာ ဝင်နေကြတယ်၊ ပြီးရင် ရှုခင်းသာအတက်ဖက် အစိုးရအ‌ဆောက်အအုံ (၂) လုံးမှာနေကြတယ်၊ လမ်းဘေးက ကားလမ်းပြင်တဲ့သူတွေ ထိုးထားတဲ့ တဲတွေမှာ နေကြတယ်။ ဒါကြောင့်မို အရင်က မြို့ထဲကို စစ်ဘေးရှောင်လာကြတဲ့သူတွေ သူတို့အိမ်တွေကို ဒီတိုင်း ပစ်ထားခဲ့ကြတာ အခု အဲ့လိုမျိုး စစ်သားတွေ ဝင်နေကြတော့ အိမ်ရှင်တွေ စိုးရိမ်နေကြတာ။” ဟု ခိုင်ကမ်းမြို့ဒေသခံ အမျိုးသမီးက ပြောသည်။

မေ (၂၁) ရက် နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့သည် ကလေး- သိုင်းငင်းလမ်းပေါ်ရှိ မွှာလ်ပီးကျေးရွာအနီးတွင် တလကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၅) ရက်တွင် မွှာလ်ပီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အားလုံး သည် ကလေးမြို့ဘက်သို့ ပြန်လည် ဆုတ်ခွါသွားကြခြင်း ဖြစ်သည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...