တောင်ဒဂုံက ပျူစောထီးအုပ်စုကို လက်လုပ်ဗုံးဖြင့်တိုက်ခိုက်၊ ၃ ဦးဒဏ်ရာရ

တောင်ဒဂုံက ပျူစောထီးအုပ်စုကို လက်လုပ်ဗုံးဖြင့်တိုက်ခိုက်၊ ၃ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ပြည်သူများအား ဖိနှိပ်ခြိမ်းခြောက်မှုများဖြင့် နာမည်ကြီးသည့် ပျူစောထီးအဖွဲ့ကို လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သူများ ရှိခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက်ထံက သိရသည်။

ယမန်နေ့(ဇူလိုင်လ ၁၄) ည ၁၀ နာရီအချိန်ခန့်က တောင်ဒဂုံ အမှတ် (၇၁ ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထွက်လာသည့် ထွက်လာသည့် ပျူစောထီးအုပ်စုကို လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဟု ဆိုသည်။

“တောင်ဒဂုံ (၇၁ )ရပ်ကွက်ရုံးကနေ ပျုအင်အား ၁၀ယောက်ကျော် ဆိုင်ကယ် ငါး စီးနဲ့ထွက်အလာကို စောင့်ပြီး တိုက်တာပါ။ သူတို့စီးလာတဲ့ဆိုင်ကယ်တွေမြောက်တက်ပြီး ဆိုင်ကယ်နှစ်စီး မီးလောင်သွားပါတယ်” ဟု မြို့ပြ ကြွက်ကွန်ရက် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုတွင် ပျူစောထီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ လက်ရှိတွင် မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ကို သတင်းရရှိထားကြောင်း ၎င်းက ဆက်ပြောသည်။

မြို့ပြကြွက်အဖွဲ့၏ တိုက်ခိုက်မှုခံလိုက်ရသည့် ပျူစောထီးအဖွဲ့သည် တောင်ဒဂုံမြို့နယ်တွင် ပြည်သူများအား ဖိနှိပ်မှုဖြင့် နာမည်ကြီးသည့် သိန်းဌက်ပျူစောထီးအဖွဲ့ဟု သိရသည်။

ထိုအဖွဲ့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ လူမိုက်များ၊ မူးယစ်ဆေးသုံးစွဲနေသူများနှင့် ထောင်ထွက်များဖြင့် ဖွဲ့စည်းထားခြင်းဟု ဧရာ၀တီတိုင်းမ်သတင်းဌာန၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့သည် တောင်ဒဂုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်းကာ လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ ဒေသခံများအား ဖိနှိပ်ခြင်းများပြုလုပ်ခြင်းဖြင့် နာမည်ကြီးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ည ၁၁ နာရီဝန်းကျင်က မြို့နယ်အတွင်း သေနတ်သံများကြားခဲ့ရကြောင်း တောင်ဒဂုံ (၅၆ ) ရပ်ကွက်တွင် နေထိုင်သူ ဒေသခံတဦးက ပြောကြားထားသော်လည်း ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် မသိရသေးကြောင်း ဆိုသည်။

“သူတို့တွေ တိုက်ခိုက်ခံခဲ့ရတော့ ညတုန်းက တညလုံးဆဲဆိုနေပြီး ရပ်ကွက်ကိုလည်း မွှေတယ်(ပြဿနာရှာတယ်) လို့ သတင်းပြန်ကြားရပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအားလုံး ရေခဲ (အေးဆေး) ပါ” ဟု မြို့ပြကြွက်တာဝန် ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီက မကြာမီကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို မပူးပေါင်းကြရန်နှင့် ရွေးကောက်ပွဲကို တက်ကြွစွာပါဝင်ပတ်သက်နေသူများအနီးတွင် မနေကြရန် မြို့ပြကြွက်ကွန်ရက်က တိုက်တွန်းသည်။

စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ၊ ထောင်တိုင်များကိုလည်း အမြန်ဆုံးနုတ်ထွက်ကြရန်နှင့် လိုက်နာမှုမရှိပါက ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း မြို့ပြကြွက်ကွန်ရက်က သတိပေးထားသည်။

Most read this week

February 17, 2026
ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ...
ဓါတ်ပုံ- စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် တီမောသံရုံးယာယီတာဝန်ခံတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ တီမောသံရုံးယာယီတာဝန်ခံအား လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။ (MOI)
February 16, 2026
ရန်ကုန်မြို့ရှိ တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား လာမည့်...
February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...
February 12, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံအရပ်သားလေးဦးအား...