ချင်းကာကွယ်ရေးအဖွဲ့များ အချင်းချင်း အားပြိုင်လိုမှုကို ရှောင်ရှားရမည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ပြော

ချင်းကာကွယ်ရေးအဖွဲ့များ အချင်းချင်း အားပြိုင်လိုမှုကို ရှောင်ရှားရမည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ပြော

ချင်းကာကွယ်ရေးအဖွဲ့များအနေဖြင့် ပြည်သူကို အကာအကွယ်ပေးရမည့်အချိန်တွင် ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အားပြိုင်လိုမှုကြောင့် မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရှားရမှာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ချင်းလဲန်ရှိ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် ပြည်သူကို အကာအကွယ်ပေးရေးနှင့် တာဝန်ခံမှု ရှိရေး လိုအပ်နေမှုအပေါ် ပြောကြားချက်ဟူ၍ ဇူလိုင် ၁၃ ရက်က ချင်းအမျိုးသားတပ်ဦး၏ အတွင်းရေးမှူးရုံးမှ တဆင့် CNF ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လာခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ သောင်းကျန်ဖိနှိပ်မှုအောက်ကနေ ပြည်သူတွေကို အကာအကွယ်ပေးရမယ့် အချိန်အခါမှာ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ဒါမှမဟုတ် တဖွဲ့နဲ့တဖွဲ့ အားပြိုင်လိုမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ကိုယ့်နယ်မြေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းကို မကာကွယ်နိုင်ဘဲ စစ်ရေးအရ အသာစီးရတဲ့ အခိုက်အတန့်တွေကို ဂုဏ်မယူသင့်ဘူး။ ဒီလိုလုပ်နေမယ်ဆိုရင် ကျနော်တို့ အမြစ်ပြတ်တိုက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီလုပ်ရပ်နဲ့ ထူးမခြားနားဖြစ်သွားပါလိမ်မယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိမှာ ချင်းလဲန်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အားလုံးက ရင့်ကျင်မှုရှိပြီး စည်းကမ်းရှိရန် လိုအပ်ကြောင်း၊ စိတ်ခံစားမှုကို ထိန်းချုပ်ပြီး တော်လှန်ရေးကို ဆင်နွှဲဖို့ရန် လိုအပ်ကြောင်း ဆလိုင်းထက်နီက အသိပေးထုတ်ပြန်သည်။

“အရေးကြီးဆုံးက ပြည်သူကို တာဝန်ခံရမယ်ဆိုတဲ့စိတ် မပျက်ယွင်းဖို့ပါဘဲ။ တိုက်ပွဲအလီလီ အောင်မြင်မှုထက် ပြည်သူကို တာဝန်ခံမှုရှိတဲ့ တော်လှန်ရေးလမ်းစဉ်ကသာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ လွတ်မြောက်မှုဆီကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ချင်းအင်အားစုများကို သတင်းစကားပါးသည်။

နယ်မြေများ သိမ်းပိုက်ပြီးရုံဖြင့် မိမိတို့ တာဝန်များ မပြီးဆုံးကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေး၊ အသက်မွေးဝမ်းကျောင်းမှု ပြေလည်ရေးနှင့် လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ရန် ဆက်လက်တာဝန် ယူကြရမည် ဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

နယ်မြေထိန်းချုပ်နိုင်ရေး ရည်ရွယ်ချက် သက်သက်ဖြင့် ပြည်သူများ၏ ဘဝများကို မစတေးသင့်ကြောင်း၊ ယင်းတို့ လုပ်မည်ဆိုလျှင် ပြည်သူတွေအနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှု ဒဏ်ကိုရော တော်လှန်ရေးတပ်ဖွဲ့များ၏ ဒဏ်များကိုရော နှစ်ဆပေါင်းခံစားကြရမည်ဖြစ်သည်ဟု အသိပေးသည်။

ဆလိုင်းထက်နီက ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သော ရိဒ်ခေါဒါရ် ဖြစ်စဉ်သည် ထင်းရှားသော သာဓကဖြစ်ပြီး နေ့ချင်း ညချင်း ထောင်ပေါင်းများစွာသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် ကင်းကွာပြီး အသက်မွေးဝမ်းကျောင်းမှုများ ချက်ချင်းပင် ပျက်ဆီးကုန်ကြောင်း ပြောသည်။

“ကိုယ်က ပြည်သူကို ကာကွယ်ပေးရမယ်ဆိုတဲ့ အဓိကတာဝန် ပျက်ကွက်ပြီး အသက်တွေ အလဟဿသက်သက် ဆုံးရှုံးရတယ်။ လုံခြုံမှု ပျက်ယွင်းပြီး ပြည်သူတွေရဲ့ ယုံကြည်မှုပါ ဆုံးရှုံးရတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ စစ်ကောင်စီကို တိုက်ခိုက်အနိုင်ယူဖို့ တခုတည်း မဟုတ်ဘူးဆိုတာ လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတိုင်းက မမေ့ဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ ကျနော်တို့ရဲ့ ပြည်သူတွေအမှန်တကယ် လွတ်မြောက်ဖို့နဲ့ ကျနော်တို့ရဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက ထုတ်ပြန်ချက်ထုတ်၍ လူထုနှင့် ချင်းအင်အားစုကို သတင်းစကားပါးသည်။

ချင်းပြည်နယ်တွင် ချင်းပြည်သူများသည် အာဏာသိမ်းမှု နောက်ဆက်တွဲ ဒုက္ခများကို ခါးစည်းခံနေကြရသကဲ့သို့ စစ်ကောင်စီ ကင်းစင်ပြီးသည့် နေရာများမှာလည်း ပြည်သူများ ဒုက္ခခံစားနေရဆဲဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ ၂ ရက်မှစတင်၍ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး ရိခေါဒါရ်မြို့နှင့် အနီးကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်တို့ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ဇူလိုင်လ ၅ ရက်တွင် HPO/CDF-Hualngoram က အုပ်ချုပ်ရေးယန္တရားလည်ပတ်ပြီး ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄ အခြေစိုက်ထားရာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိသည့် ရိခေါဒါရ်မြို့ကို CNO/CNDF တပ်ဖွဲ့က ထိုးစစ်ဆင် ထိန်းချုပ်လိုက်သည်၊ တဖန် CNDF စစ်ရုံးချုပ်တည်ရာကို CNA ပူးပေါင်းတပ်က ထိန်းချုပ်မှုရှိလာခဲ့သည်။

ယင်းနောက် CNO/CNDF နှင့် CNF/CNA, CDF-Hualngoram တို့ကြား စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာခဲ့ပြီး ချင်းလဲန်း ကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင်ပူးပေါင်းတပ်၏ စစ်ရေးပဋိပက္ခအသွင်ထိပင် ရောက်ရှိလာခဲ့ရာ ဇူလိုင်လ ၁၁ ရက်တွင် CNO/ CNDF က ရိခေါ်ဒေါရ်မြို့မှ ပြန်လည်ဆုတ်ခွာသွား၍ နှစ်ဖက်တင်းမာနေမှုများ ပြေလျော့လာသည်ဟုသိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...